Pages

Pages - Menu

Tuesday, October 1, 2013

မိခင်အရင်းကို သားဖြစ်သူက ရဲတင်းဖြင့် ခုတ်သတ်

RangonNewsDaily:: October. 1.2013
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က အသက် ၁၉ နှစ်အရွယ်ရှိ သားဖြစ်သူက မိခင်အရင်းကို ရဲတင်းဖြင့် ခုတ်သတ်သည် ဟုယူဆရသည့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေ ရဲစခန်းမှ ရဲအရာတစ်ဦးက The Voice သို့ ပြောကြားသည်။
သေဆုံးခဲ့သူ မိခင်မှာ အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်ထွေးကြည် ဖြစ်ပြီး ယင်းနေ့ နံနက်က နေအိမ်နောက်ခန်းအတွင်း သားဖြစ်သူ တင်ထွန်းဝင်းက အရိုးအသွား တစ်ပေခန့်ရှိသော ရဲတင်းတစ်လက်၊ အရိုးအသွား ခြောက်လက်မခန့်ရှိသော ဓားအကျိုး တစ်ချောင်းတို့ဖြင့် ထိုးခုတ်ခဲ့သည်ဟု ယူဆရသော ဒဏ်ရာများ ဖြစ်သည့် ဦးခေါင်းနောက်ခြမ်း ပြတ်ရှပြီး ကျောကုန်း၊ ရင်အုံနှင့် ဝမ်းဗိုက်တို့တွင့် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရဲတင်းဖြင့် ခုတ်သူသည် ထန်းတပင်မြို့သို့ သွားရောက်ရာမှ ယင်းနေ့ နံနက် ၆ နာရီခန့်တွင် အိမ်သို့ ပြန်ရောက်လာစဉ် မိခင်ဖြစ်သူက အိပ်ရာမှထကာ တံခါးဖွင့်ပေးပြီးနောက် သားအမိနှစ်ဦး စကားများသည့်အသံများ ကြားခဲ့ရကြောင်း၊ သေဆုံးသူ မိခင်က ‘ငါ့ကိုမလုပ်နဲ့ ငါပေးပါမယ်’ ဟု စကားပြောသံများ ကြားခဲ့ရပြီးနောက် လူငယ်မှာ အိမ်မှ ထွက်သွားသောကြောင့် မသင်္ကာသဖြင့် အိမ်နီးနားချင်းများ သွားရောက် ကြည့်ရှုရာမှ အမျိုးသမီးကြီး သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ရကြောင်း ယင်းကျေးရွာရှိ အိမ်နီးချင်းများထံမှ သိရှိရသည်။

“ကောင်လေးက အရင်က ဆိုင်ကယ်ကယ်ရီ ဆွဲပေမယ့် နားနေတာကြာပြီ။ သူတို့မိသားစုတွေက ရွာကိုပြောင်းလာတာ သိပ်မကြာသေးဘူး။ သူ့အမေ အရင်းကို ဒီလိုသတ်လိမ့်မယ်လို့ ယုံတောင် မယုံမိဘူး” ဟု ယင်းရွာနေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးတွင် သားနှစ်ဦးရှိပြီး သားအကြီး ဖြစ်သူမှာ မွေးစားသားဖြစ်ကာ ယခု လူသတ်မှု ကျူးလွန်သူမှာ သားအရင်း ဖြစ်ကြောင်း၊ မိခင်မှာ မှီခိုနေထိုင်သူဖြစ်ပြီး သားနှစ်ဦးမှာ မြို့သို့ ညအိပ်ခရီး မကြာခဏ သွားလာတတ်ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

အဆိုပါ လူသတ်မှုကို (ပ) ၉၆/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The voice,  RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment