Pages

Pages - Menu

Friday, October 25, 2013

လိုင်စင်မရှိဘဲ လက်ကိုင်လွှစက်ဖြင့် သစ်ခုတ်လှဲမှုများကို စတင်အရေးယူမည်

RangonNewsDaily:: October. 25 .2013
လိုင်စင်မရှိဘဲ လက်ကိုင်လွှစက်ဖြင့် သစ်ခုတ်လှဲမှုများကို ထိရောက်စွာ အရေးယူသွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ မေးမြန်းသည့် 'ယနေ့အထိ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တရားမ၀င် လွှစက် (Chain Saw) ဖြင့် ကိုင်တွယ်သူများကို အရေးယူမှု မည်မျှပြုလုပ်ပြီး ပါသနည်း' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းထွန်းက မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လက်ကိုင်လွှစက်များ ကိုင်ဆောင် အသုံးပြု၍ တရားမ၀င် သစ်ခုတ်လှဲမှုများသည် သစ်တောပြုန်းတီးမှုတွင် အဓိကအချက် တစ်ခုဖြစ်နေကြောင်း၊ လက်ကိုင်လွှစက်များကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် မိမိတို့ ၀န်ကြီးဌာနက ၂၀၁၃ ခုနှစ် ဇွန် ၆ ရက်တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ကြောင်း ပြောကြားသည်။

အမိန့်ကြေညာစာတွင် လက်ကိုင်လွှစက် ကိုင်ဆောင်အသုံးပြုခွင့် လျှောက်ထားရာ၌ လိုအပ်သည့် အချက်အလက်များ၊ လိုက်နာရမည့် စည်းကမ်းများ၊ လိုင်စင်သက်တမ်း ခွင့်ပြုကာလ၊ ပေးဆောင်ရမည့် အခွန်တော်နှင့် ခွင့်ပြုမိန့်မရှိဘဲ အသုံးပြုခြင်းအတွက် အရေးယူမည့် ဥပဒေတို့ ပါရှိကြောင်း၊ အဆိုပါ အမိန့်ကြေညာစာကို ပညာပေး ကာလအဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင်မှ စက်တင်ဘာကုန်အထိ ပညာပေးကာလ သုံးလသတ်မှတ်ကြောင်း၊ ယခုပညာပေးကာလ ကုန်ဆုံးသွားပြီ ဖြစ်သည့်အတွက် သတ်မှတ် စည်းကမ်းချက် များနှင့်အညီ မှတ်ပုံတင် မရှိသည့် လွှစက်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဟု ဦးဝင်းထွန်းက ဆက်လက် ပြောကြားသည်။

လက်ကိုင်လွှစက် ကိုင်ဆောင်အသုံးပြုမှုများအား ထိန်းချုပ်ဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများ အနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိခြင်း၊ ပါဝင်ပတ်သက်ခြင်းများ စိစစ်တွေ့ရှိရပါက ၀န်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အစိုးရသစ် လက်ထက် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ တရားမ၀င် ကျွန်းနှင့်သစ်မာမျိုးစုံ တန်ချိန် ၆၉၆၀၀ ကျော်သာ ဖမ်းဆီးရမိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် သစ်ခိုးယူ သယ်ဆောင်
မှု များကြောင့် သစ်တော အတန်းအစားများ ကျဆင်းလာခဲ့ကြောင်း သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment