Pages

Pages - Menu

Friday, September 6, 2013

SEA Games ပြိုင်ပွဲအတွက် သင်္ဃန်းကျွန်းဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့ ကြိုတင်ပြင်

RangonNewsDaily:: September 6, 2013

မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များ (SEA Games) မှ အားကစားနည်း အချို့ကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် အရေးပေါ်အခြေအနေ ကုသဆောင်ရွက်ပေးရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့က ကြိုတင်ပြင်ဆင်နေကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်းက The Voice သို့ ပြောကြားသည်။ သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် အရေးပေါ်ရောက်လာနိုင်သည့် လူနာများ အတွက် အရေးပေါ်ဆောင်တွင် လူနာခုတင်ခြောက်လုံး၊ အရေးပေါ် လူနာ ၁၅ ဦးနီးပါး အတွက် ဆေးသွင်းပုလင်း (Drip) များနှင့် အခြားဆေးဝါးမျိုးစုံ တို့ကို စုဆောင်းလျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးမည့် ကျန်းမာရေးဝန်ထမ်း များလည်း အသင့်ပြင်ထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"ကျန်းမာရေးဝန်ထမ်း တွေအတွက်ကတော့ ထွေထွေထူးထူး သင်တန်းပေးစရာ မလိုပါဘူး။ ပုံမှန်သင်တန်းတွေလည်း ပေးနေပါတယ်" ဟု ဒေါက်တာဇော်ထွန်းက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ ကြိုတင်ပြင်ဆင်မှု အပိုင်းနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားမှု မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကမူ လူနာတင်ယာဉ် လိုအပ်ချက် အတွက် ကူညီသွားရန် ရှိကြောင်း သင်္ဃန်းကျွန်းစံပြဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက် တာဇော်ထွန်းက The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြုလုပ်မည့် SEA Games ပြိုင်ပွဲများကို သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်း၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားရုံနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) သေနတ် ပစ်ကွင်းတို့ တွင် ပြုလုပ်သွားမည် ဖြစ်ပြီး အားကစားသမား ရာနှင့်ချီ ပါဝင်သွားမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ထံမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment