Pages

Pages - Menu

Thursday, September 5, 2013

မြန်မာတစ်နိုင်ငံလုံး မြို့မရဲစခန်းများ CCTV တပ်ဆင်သွားမည်

RangonNewsDaily:: September 5, 2013

မြန်မာတစ်နိုင်ငံလုံးရှိ မြို့မရဲတပ်ဖွဲ့ စခန်းများတွင် တာဝန်မှူးကြီးကြပ်ရေး နေရာနှင့် အမှုစစ်ဆေးနေရာ များ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က CCTV ကင်မရာ များ တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး စိန်ထွန်းက The Voice သို့ပြောကြားသည်။

ပထမအဆင့်အနေနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ခရိုင်ရုံးစိုက်ရာ မြို့များတွင် CCTV ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ရာ မန္တလေးခရိုင်အတွင်းတွင် အောင်မြေသာစံမြို့နယ် အမှတ်(၅) ရဲစခန်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၈)ရဲစခန်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၉) ရဲစခန်းနှင့် ပြည်ကြီးတံခွန် မြို့နယ်ရှိ ပြည်ကြီးတံခွန် ရဲစခန်းတို့တွင် စက်တင်ဘာ ၄ ရက်နေ့က စတင် တပ်ဆင်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးဦးသန်းဆင့်က ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို စည်းမျဉ်းစည်းကမ်းနှင့် အညီဆောင်ရွက်ခြင်း၊ အမှုစစ်နေစဉ် ဆောင်ရွက်ချက်များကို လာရောက်သော မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများ တွေ့မြင်နိုင်စေရန် တပ်ဆင်ပေးခြင်း ဖြစ်ပြီး CCTV စောင့်ကြည့်ကင်မရာမှ အချက်အလက်များကို နေ့စဉ်မှတ်တမ်း ပြုလုပ်သွားမည်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းဆင့်က ဆိုသည်။

"တကယ်လက်တွေ့ မှာလည်း ဒီလိုမျိုးစစ်ဆေးသွားရင် ကောင်းတာပေါ့" ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိ အထောက်အကူပြု ကော်မတီ အဖွဲ့ဝင် ဦးစိုးအေးက ပြောကြားသည်။

နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကြိုတင် ကာကွယ်ခြင်း၊ ဖြစ်ပွားသော မှုခင်းများကို ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးခြင်းကြောင့် ပြည်သူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ မှုခင်းများ လျော့နည်းကျဆင်းပြီး အမှုမှန်ဖော်နိုင်မည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းဆင့် က ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနတွင် စက်တင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီခန့်က ဒုရဲအုပ် သိန်းသန်းစိုးသည် တာဝန်ချိန်တွင်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်သဖြင့် ရဲအုပ် မောင်တင့်က ၄င်းကို ရုံးခန်းထဲတွင် စကားပြောဆိုနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဦးခေါင်းထိမှန် ဒဏ်ရာရ ရဲအုပ် မောင်တင့်ကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့တင်ပို့ခဲ့ရာ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တာဝန်မှူး ဂျူတီကျသူများမှာ မှုခင်းအကူဌာနတွင် နေ့စဉ်ဖမ်းဆီးရမိသည့် အမှုဖြစ်စဉ်များ စစ်ဆေးခြင်း၊ စစ်ပြေးနှင့် တရားခံပြေးများကို စစ်ဆေးရခြင်း၊ ညပိုင်းလုံခြုံရေး အတွက် ညလှည့်ကင်း တာဝန်ကို ဆောင်ရွက်ရခြင်းများ ရှိပြီး အဆိုပါတာဝန် ပျက်ကွက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်တစ်ဦး က ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment