Pages

Pages - Menu

Friday, September 13, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးကာပါကင်၌ ဈေးမရောင်းချရေးနှိုးဆော်

RangonNewsDaily:: September 13, 2013

ရန်ကုန်မြို့တွင်းလမ်းမများရှိ ကားပါကင်သတ်မှတ်ထားသည့်နေရာများ၌ လမ်းဘေးဈေးသည်များ ရောင်းချခြင်း မရှိစေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုက်လံကြေညာနှိုးဆော်ထားကြောင်း တွေ့ ရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၉၉၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာအမှတ် ၁၁/၉၉ အရကော်မတီ၏ ခွင့်ပြုချက်မရှိပဲအများပြည်သူပိုင်လမ်းများပေါ်တွင် ဈေးရောင်းချခြင်းမပြုရန် မေတ္တာရပ်ခံကြောင်းလိုက်လံကြေငြာနေခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ ရောင်းချခွင့်မရှိတော့ဟု လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ကိုအောင်ငွေက ဆိုသည်။ “ဒီလိုမတားတာ တော်တော်ကြာပြီ။ အခုလမ်းတွေပြင်ပြီးမှပဲတားတာကြုံရတယ်” ဟု ၎င်းက ပြောသည်။

ယခင်က လမ်းဘေးတွင် ဈေးရောင်းချသည့်အတွက် ဖမ်းဆီခြင်းနှင့် လိုင်းကြေးပေးခဲ့ရသည်များရှိသော်လည်း နောက်ပိုင်းတွင် လိုင်ကြေးမပေးရတော့သလို ဖမ်းဆီးမှုများလည်း မရှိတော့ပဲ ယခုအချိန်မှ ပြန်လည် တားဆီးခြင်း ဖြစ်သည် ဟု အနော်ရထာလမ်းမပေါ်မှလမ်းဘေး ဈေးသည်တစ်ဦးက ပြောသည်။

“လာဖမ်းရင်တော့ ပြေးရမှာပေါ့။ ရောင်းတော့ ရောင်းရမှာပဲ။ ဒါလုပ်မှ မိသားစုကစားရမှာလေ။ တခြားအလုပ်လည်း မလုပ် တတ်ဘူး” ဟု အနော်ရထာလမ်းပေါ်မှ လမ်းဘေးဈေးသည်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များတစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပြီး ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ယာဉ်မတော်တဆမှုများ တိုးတက်များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

“ကျွန်မတို့ဆိုင်က ညဘက်လမ်းရှင်းတဲ့ အချိန် ည ၈ နာရီ နောက်ပိုင်းမှဖွင့်တာ အဲဒီအချိန်ဆို ကားလမ်းက ရှင်းနေတယ်။ ယာဉ်ကြောပိတ်ဆို့မှုလည်း မဖြစ်ပေါ်ဘူး။ ဒါပေမယ့်ဘာလို့ ဆိုင်တွေကိုလိုက်ဖမ်းနေမှန်း မသိဘူး။ လာဖမ်းရင်လည်း အုပ်စုလိုက်ဖွဲ့ပြီး လမ်းပေါ်ကပစ္စည်းတွေကိုပါ အကုန်သိမ်းတယ်။ ညဘက် လမ်းရှင်းတဲ့အချိန် ယာဉ်ကြောပိတ်ဆို့မှု မရှိဘူးဆိုရင်တော့ ဖွင့်ခွင့်ပေးစေချင်တယ်။”ဟု လသာမြို့နယ်ရှိ လမ်းဘေးဈေးသည်တစ်ဦးက ပြောသည်

ရန်ကုန်မြို့တွင်းမှ လမ်းပေါင်း ၂၆ လမ်းပေါ်၌ ခရီးသည်တင်ယာဉ် များခေတ္တရပ်နားခြင်းမှ လွဲ၍ မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုရန်နှင့် ညအိပ်ရပ်နားရန်အတွက်လည်း နီးစပ်ရာ ယာဉ်ရပ်နားစခန်းတွင် ရပ်နားကြရန်လည်း ၎င်းကော်မတီမှ သတိပေးနှိုးဆော်ထားသည်ဟု သိရသည်။

မြစ်မခမီဒီယာ::-- , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment