Pages

Pages - Menu

Sunday, September 8, 2013

တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့ရန် လွှတ်တော်တင်မည်

kolatt(PBDN): Sep . 8. 2013

တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ပိုမိုအားကောင်းလာစေရန်အတွက် တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန်အတွက် အဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် တင်ပြသွားနိုင်မည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။ တရားစီရင်ရေးမဏ္ဍိုင် အားကောင်းလာစေရေး အတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားလွှတ်တော် ကော်မတီများနှင့် ရှေ့နေအသင်းများက ညှိနှိုင်းဆွေးနွေးသည့် အခမ်းအနားတွင် ၎င်းက ပြောကြားခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ရန်ကုန်ရှေ့နေအသင်း ပြန်ကြားရေး တာဝန်ခံ ဦးသန်းဌေးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်း တင်ပြနိုင်ရန် ဆွေးနွေးညှိနှိုင်းဆဲသာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တရားစီရင်ရေး မဏ္ဍိုင်တွင် အုပ်ချုပ်ရေးပိုင်းမှ ဝင်ရောက်နှောင့်ယှက်မှု မရှိနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားသူကြီးများ အဂတိလိုက်စားမှု ပပျောက်နိုင်ရန် လစာနှင့်ခံစားခွင့်များ ပိုမိုပေးရေး၊ တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့ရေး အပါအဝင် အခြားအချက်များကို ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း ရန်ကုန်ရှေ့နေအသင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး ကဏ္ဍတွင် အကျင့်ပျက်ချစားမှုများ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။

သြဂုတ်လ အတွင်းက မကွေးတိုင်း ဥပဒေချုပ်ကို နိုင်ငံတော်က ပေးအပ်သည့် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိဟုဆိုကာ နိုင်ငံတော်သမ္မတက ရာထူးမှ ထုတ်ပယ်ခြင်း၊ စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံ အရာတော်မြို့နယ် တရားသူကြီးက လာရောက် တိုင်ကြားခြင်း၊ စက်တင်ဘာလဆန်းက ရခိုင်ပြည်နယ် တရားသူကြီး အကျင့်ပျက်သည်ကို စစ်ဆေးရန် ကော်မရှင်များဖွဲ့ပြီး နောက်တွင် တရားရုံး စောင့်ကြည့်ရေး အဖွဲ့များဖွဲ့ရန် စီစဉ်လာခြင်း ဖြစ်သည်။

(ကောင်းဆက်နိုင်)
The Voice , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment