Pages

Pages - Menu

Tuesday, September 17, 2013

ဆီးရီးယားအရေး သဘောတူညီချက်ကို အိုဘားမားကြိုဆို၊ အာဆတ်လိုက်နာရန်လည်း အိုဘားမားလိုလား

RangonNewsDaily:: September 17, 2013

ဆီးရီးယား၏ ဓာတုလက်နက်များ ရှင်းလင်းဖယ်ရှားရေးအစီအစဉ်ကို ရုရှားနှင့် အမေရိကန်တို့ ထုတ်ပြန်ခဲ့ ကြရာထိုအစီအစဉ်ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ကြိုဆိုခဲ့သော်လည်း ဆီးရီးယားအစိုးရအနေဖြင့်လည်း သဘောတူညီချက်ကို လိုက်နာရန် လိုအပ်သည်ဟု သတိပေးခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ အမေရိကန်နှင့် ဆီးရီးယား၏ မဟာမိတ်ရုရှတို့ သဘောတူညီထားသည့် အစီအစဉ်ကို ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (#Bashar al-#Assad) ကလိုက်နာရန် ပျက်ကွက်ပါက အမေရိကန်အနေဖြင့် ဆီးရီးယားကို အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်၍အသင့်ပြင်ထားမည်ဟု ကြေညာချက်တစ်စောင် ထဲတွင် အိုဘားမားက ဆိုထားသည်။

ပြီးခဲ့သည့်လအတွင်း၌ အရပ်သားများအား ဆီးရီးယားအစိုးရက ဓာတုဗေဒလက်နက်အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့ပြီး၊ ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ဆီးရီးယားကို စစ်အင်အားသုံးတိုက်ခိုက်ရန် ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယခုသဘောတူညီချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး၊ သဘော တူညီချက်ရရှိသည့် အကြောင်းရင်းများထဲတွင် စစ်ရေးအရ ဖိအားပေးမှုလည်း တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ကြောင်း အိုဘားမားက ဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အမေရိကန်က ဆိုထားပြီး၊ ဆီးရီးယား အစိုးရနှင့် ရုရှားတို့ကမူ ထိုတိုက်ခိုက်မှုမှာ ဆီးရီးယားသူပုန်များ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဆီးရီးယားအကျပ်အတည်း၏ လားရာမှာလျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်ကမူ အိုဘားမားအနေဖြင့် ဆီးရီးယားအား ဒုံးကျည်များဖြင့် တိုက်ခိုက်အပြစ်ပေးရန် အမိန့်ပေးတော့မည့် အသွင်ကို ဆောင်နေခဲ့သည်။ ဓာတုဗေဒလက်နက်များကို ဆီးရီယားအစိုးရ ထပ်မံ အသုံးမပြုနိုင်တော့အောင် ဟန့်တားရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆီးရီးယားအားတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင်မူ အိုဘားမားသည်၊ ဆီးရီးယားကို တိုက်ခိုက်မည်ဆိုသည့် အစီအစဉ်အား ကွန်ဂရက်လွှတ် တော်ကအတည်ပြုလာရေးကိုကြိုးပမ်းခဲ့ရာ လူတိုင်းအံ့အားသင့်ခဲ့ကြရသည်။ ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်ကို ရယူနေခြင်းသည် စစ်ရေးအစီအစဉ်ကို အတိုင်းအတာတစ်ရပ်အထိ နှောင့်နှေးစေနိုင်သည်။ 
အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများ၏ ခါးသီးသည့် အတွေ့အကြုံမှ ပြန်လည်ရုန်းထွက်ရန် ကြိုး စားနေဆဲဖြစ်သည့် အမေရိကန်၌ လွှတ်တော်အမတ်အများအပြားသည် စစ်ပွဲသစ်တစ်ခုတွင် အမေရိကန် ပါဝင်ဆင်နွှဲမည့် အစီအစဉ်ကို ဆန့်ကျင်လျက်ရှိကြသလို မဲဆန္ဒပေးသူများအနေဖြင့်လည်း ဆီးရီးယား ပြည်တွင်းစစ်တွင် အမေရိကန်ပါဝင်မည်ကို စိုးရိမ်နေကြကြောင်း သဘောထားစစ်တမ်း ကောက်ယူမှု တစ်ရပ်ကဆိုသည်။

စနေနေ့တွင် အိုဘားမားက “အခုဆိုရင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို သံတမန်နည်းနဲ့ ရအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတစ်ခု ကျွန်တော်တို့မှာ ရှိနေပါပြီ” ဟု ဆိုခဲ့သည်။
Mizzima News:, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment