Pages

Pages - Menu

Wednesday, August 7, 2013

အစာအဆိပ်သင့်မှု ဖြစ်နေသော နယူးဇီလန် အခြေစိုက် နို့ထွက်ပစ္စည်း ထုတ်လုပ်ငန်း၏ ကုန်ကြမ်းကို အသုံးပြုထားသည့် Dumex နို့မှုန့်များ အန္တရာယ်ကင်းရှင်းကြောင်း သတင်းထုတ်ပြန်

RangonNewsDaily:: Aug 7, 2013

မိုအေးရှား (MO ASIA) ကုမ္ပဏီမှ တရားဝင် ဖြန့်ချိနေသည့် Dumex နို့မှုန့်များတွင် အန္တရာယ်ကင်းရှင်းကြောင်း သြဂုတ် ၆ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။"အခု မြန်မာနိုင်ငံမှာ မိုအေးရှားကုမ္ပဏီက ဖြန့်ဖြူးနေတဲ့ နို့မှုန့်တွေက စားသုံးသူတွေအတွက် အန္တရာယ်ကင်းရှင်းကြောင်း ကျွန်မတို့ကုမ္ပဏီ အနေနဲ့ အပြည့်အ၀ အာမခံပါတယ်။ မြန်မာနိုင်ငံမှာ တင်သွင်းနေတဲ့ နို့မှုန့်တွေထဲမှာ ပိုးတွေမပါဘူး ဆိုတာကို မလေးရှားနိုင်ငံက စိစစ်ပြီး ကျွန်မတို့ဆီကို ပိုးမပါကြောင်း အသိပေးပါတယ်။ မြန်မာနိုင်ငံကိုပို့တဲ့ Batch နံပါတ်တွေက လက်ရှိပြဿနာတက်နေတဲ့ နံပါတ်တွေနဲ့ လုံးဝမတူပါဘူး" ဟု MO ASIA ကုမ္ပဏီမှ Nutrition Manager ဒေါက်တာနှင်းနှင်းယုက ပြောကြားသည်။

နယူးဇီလန် နို့ထွက်ပစ္စည်းလုပ်ငန်း (Fonterra) က နိုင်ငံခုနစ်နိုင်ငံ၌ ရောင်းချနေသော ကလေးနို့မှုန့်၊ အားကစားသမားသုံး အချိုရည်နှင့် အခြားထုတ်ကုန်များတွင် တာရှည်ခံ အစားအစာ၌ဖြစ်သည့် ဘက်တီးရီးယား ပိုးကြောင့်ဖြစ်သော အစာအဆိပ်သင့် ဝေဒနာ (botulism) ဖြစ်စေနိုင်သည့် ဘက်တီးရီးယား တွေ့ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု သြဂုတ် ၃ ရက်က ကြေညာခဲ့သည်။

မလေးရှားရှိ Danone Dumex နှင့် နယူးဇီလန်ကုမ္ပဏီ Nutricia တို့က ကလေးနို့မှုန့်အချို့ကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာထားသည်။ ထိုင်းရှိ Dumex ကလည်း ကလေးနို့မှုန့် ငါးမျိုးကို ပြန်လည်ရုပ်သိမ်းနေသည်။ နို့ထွက်ကုန် ပစ္စည်းများတွင် မည်မျှထိ သက်ရောက်နိုင်သည်ကို လေ့လာနေကြောင်း၊ ထပ်မံသိမ်းဆည်းရန် လိုအပ်ပါက ကြေညာချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းစားသောက်ကုန်နှင့် ဆေးဝါးစီမံ ခန့်ခွဲရေးအဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် စရီနွမ်ကိုရာကော့ချာကွန်က ပြောကြားသည်။

ထို့ပြင်မိုအေးရှား (MO ASIA) ကုမ္ပဏီမှ ဈေးကွက်အတွင်း တရားဝင်ဖြန့်ချိထားသည့် နို့မှုန့်များကိုလည်း ပြန်လည်သိမ်းဆည်းသွားမည် မဟုတ်ဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိချေ။

ဖွန်တားရား၏ ကုန်ကြမ်းဖြင့် နို့စို့ကလေးများအတွက် ထုတ်လုပ်သော စားသောက်ကုန်နှင့် အားကစားသမားတို့အတွက် ထုတ်လုပ်ထားသော သောက်သုံးကုန် အမျိုးအစားများတွင် အသုံးပြုသည့် ဒိန်ရည်၌ အစာအဆိပ်သင့်စေသည့် ဘက်တီးရီးယားပိုးတစ်မျိုး ပါဝင်နေကြောင်း ဖွန်တားရားက သြဂုတ် ၃ ရက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ပိုးပါဝင်သည့် ဒိန်ရည်ပါသော ကုန်ပစ္စည်းများကို တင်ပို့ခဲ့သည့် နိုင်ငံများမှာ သြစတြေးလျ၊ တရုတ်၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ဖြစ်ကြောင်းနှင့် ဒိန်ရည်ထဲတွင် ပါဝင်သည့် Clostridium Bolulinium ဘက်တီးရီးယားပိုးသည် အစာအဆိပ်သင့်မှုကို ဖြစ်ပေါ်စေပြီး ကုသခြင်း မရှိပါက သွက်ချာပါဒ ဖြစ်ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်စေကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

Dumex နို့မှုန့်များသည် နယူးဇီလန် အခြေစိုက် ကမ္ဘာ့စတုတ္ထအကြီးဆုံး နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းကြီးဖြစ်သော ဖွန်တားရား (Fonterra) ၏ ကုန်ကြမ်းများကို အသုံးပြု ထုတ်လုပ်ထားသည့် နို့မှုန့်များဖြစ်သည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 7.8.2013

No comments:

Post a Comment