Pages

Pages - Menu

Thursday, August 15, 2013

လူ့အခွင့်အရေး လှုပ်ရှားသူများကို ထပ်မဖမ်းရန် အစိုးရကို တိုက်တွန်းမည်ဟု ကင်တားနားပြော

RangonNewsDaily:: Aug 15, 2013

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးမှု မပြုလုပ်ရန် အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်အိုဟေး ကင်တားနားက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်ခံရမူများနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်တို့နှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မစ္စတာကင်တားနားမှာ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသော မြန်မာအစိုးရသည် လူ့အခွင့်အရေး လှုပ်ရှားမှုများအပေါ် ထိန်းချုပ်ဆောင်ရွက်နေမှုကို များစွာစိတ်ပျက်မိကြောင်း၊ လူ့အခွင့်အရေး ထိခိုက်နစ်နာမူများ ရှိနေကြောင်း သောမက်အိုဟေးကင်တားနား၏ ပြောကြားချက်ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးပြုံးချိုက ပြောဆိုသည်။

ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီက မုံရွာမြို့တွင် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာသို့ ခွင့်ပြုချက် မယူခဲ့သောကြောင့် ဒေသခံ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေကို လေ့လာရန် ရောက်ရှိလာသော ကင်တားနားကို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် တိုက်တွန်း ပြောဆိုမှုများကြောင့် သြဂုတ်လ ၁၂ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် မြို့ခံ ၅၀ ကျော်က ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သော်လည်း ၎င်းက ယင်းသို့ ဆန္ဒပြမှုများကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုကြောင့် တရားစွဲခံရသူ ၁၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘိုကြည်က ပြောကြားထားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 15.8.2013

No comments:

Post a Comment