Pages

Pages - Menu

Saturday, August 3, 2013

ဗိုလ်ချုပ်လက်ရေးမူကို အခမ်းအနားနှင့် ယူဆောင်လျှင် ဒေသခံများ လက်ခံမည်ဟုဆို

RangonNewsDaily:: Aug 3, 2013

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်လက်ရေးမူ စာအုပ်ကို နိုင်ငံတော်သို့ အပ်နှံသည့် အခမ်းအနားတစ်ခု ကျင်းပပေးပြီး ယူဆောင်မည်ဆိုပါက ရေနံချောင်း မြို့ဒေသခံများက လက်ခံမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက သြဂုတ်လ ၂ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်လက်ရေးမူ ယူဆောင်သွားခြင်း အကြောင်းအရင်းကို တိကျစွာ ပြောကြားခြင်းမရှိဘဲ ယူဆောင်သွားခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ယူဆောင်သွားခြင်း ကိစ္စကို နိုင်ငံတော်က အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ကာ ရှင်းလင်းပေးသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“နိုင်ငံပိုင် သိမ်းတာပဲဖြစ်ဖြစ်၊ ပြတိုက်မှာပဲထားထား ဗိုလ်ချုပ်ဂုဏ် မငယ်အောင် အခမ်းအနားတစ်ခု လုပ်ပေးစေချင်တာပါ” ဟု ၎င်းကဆိုသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ယူဆောင်သွားခြင်းအတွက် ကန့်ကွက်သည့် ဆန္ဒလက်မှတ်ကို ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကက သြဂုတ်လ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့အထိ ဗိုလ်ချုပ် လက်ရေးမူ သိမ်းဆည်းသည့် အခမ်းအနားတစ်ခု ကျင်းပပေးခြင်း မရှိပါက ဆန္ဒ ထုတ်ဖော်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို ရေရှည် ထိန်းသိမ်းနိုင်ရန် နိုင်ငံပိုင် အဖြစ်သာ ထားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက အဆိုပါ လက်ရေးမူကို ယူဆောင်သွားသည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ကြောင်း ဆန္ဒလက်မှတ်စောင်ရေ တစ်သောင်းကျော်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ရေနံချောင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ဖြန့်ဝေခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို ရေနံချောင်းမြို့ အထက (၁) ကျောင်းစာကြည့်တိုက်အတွင်း နှစ်ပေါင်း ၅၀ ကျော်ကြာ ထားရှိခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ယူဆောင်သွားခြင်း ဖြစ်သည်။

ဟိန်းသွင်ထက်
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 3.8.2013

No comments:

Post a Comment