Pages

Pages - Menu

Tuesday, August 27, 2013

ပုံနှိပ် ဥပဒေကြမ်းတွင် မှတ်ပုံတင် အရာရှိနှင့် မှတ်ပုံတင်ဌာန ပယ်ဖျက်၍ အမျိုးသားလွှတ်တော် အတည်ပြု

RangonNewsDaily:: Aug 27, 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သတင်း မီဒီယာများ ဝိုင်းဝန်း ကန့်ကွက်ထားသည့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းပါ မှတ်ပုံတင် အရာရှိနှင့် မှတ်ပုံတင်ဌာန စကားရပ်ကို ပယ်ဖျက်၍ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်က မူလ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြု ထားသည့် မှတ်ပုံတင် အရာရှိနှင့် မှတ်ပုံတင်ဌာန ဟူသည့် စကားရပ် အားလုံးကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ပယ်ဖျက်လိုက်သည့်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဆောင်ရွက်လိုသူသည် မိမိလုပ်ငန်းကို အသိအမှတ်ပြုရန် မှတ်ပုံတင် အရာရှိထံ လျှောက်ထားရမည့်အစား ဝန်ကြီးဌာန သို့ လျှောက်ထားရမည်ဟု အမျိုးသား လွှတ်တော်က ပြင်ဆင် အတည်ပြု လိုက်ခြင်း ဖြစ်သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် က ပြင်ဆင်ချက်၊ ပယ်ဖျက်ချက်နှင့် အသစ် ထပ်မံ ဖြည့်စွက်ချက် ၅၀ နီးပါး ပြုလုပ်ခဲ့ပြီး သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးများ မရပ်နားမီ ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“ဒီနေ့ အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်တော့ လွှတ်တော် မနားခင် ကျန်တဲ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေး အတည်ပြုနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

ပုံနှိပ် ဥပဒေကြမ်း တစ်ခုလုံးတွင် ပါရှိသည့် သတင်း အေဂျင်စီ၊ သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ ဝက်ဘ်ဆိုက် စသည့် စကားရပ် အားလုံးကို အမျိုးသားလွှတ်တော်က ပယ်ဖျက်လိုက်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ဇယားတွင် ဖော်ပြ ထားချက်အရ သိရသည်။

ထို့ပြင် ဥပဒေကြမ်းပါ ပြစ်မှု ပြစ်ဒဏ် သတ်မှတ်ချက်များတွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ လွှတ်တော်က ပြစ်မှု ပြစ်ဒဏ်အလိုက် ဒဏ်ငွေ အများဆုံး ကျပ် သိန်းတစ်ရာ သတ်မှတ်ထားခြင်းကို ကျပ် သိန်းငါးဆယ်သို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။

၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံ လက်မှတ်၊ ပြုလုပ်သည့် ဝန်ခံချက်၊ ခန့်ထားသည့် ရာထူး၊ လွှဲအပ်သည့် အာဏာ၊ ထုတ်ဆင့်သည့် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ အမှာစာ သို့မဟုတ် သတ်မှတ်သည့် ပုံစံ တစ်ခုခုသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည် ဆိုသော ပုဒ်မ တစ်ခုလုံးကို ပယ်ဖျက်ပေး လိုက်သည်။

အမျိုးသားလွှတ်တော်က အတည်ပြုသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ထပ်မံ အတည်ပြုချက် ရယူပြီးပါက နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်နှင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုရမည် ဖြစ်သည်။

The Voice , RangonNewsDaily
kolatt (Pabedan): 27.8.2013

No comments:

Post a Comment