Pages

Pages - Menu

Friday, August 2, 2013

တက္ကသိုလ် ကောလိပ်များ စာမေးပွဲ မေးခွန်း နှစ်စုံ ထုတ်မည်

RangonNewsDaily:: Aug 2, 2013

အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် နေ့ သင်တန်းများကို ၂၀၁၃ ခုနှစ် ဒုတိယ နှစ်ဝက် ပညာသင်နှစ်မှ စတင်ကာ မေးခွန်းလွှာ နှစ်စုံ ထုတ်ဝေ မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) ထံမှ စုံစမ်း သိရှိရသည်။

လက်ရှိ ပညာသင်နှစ် နှစ်ဝက်ကာလမှ စတင်ကာ စာမေးပွဲ မေးခွန်း များ ပြုစု ဆောင်ရွက်ရာတွင် ယခု ပြောင်းလဲလိုက်သည့် ပုံစံကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာန (အထက်မြန်မာပြည်) တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

“ကိုယ်ပိုင် လွတ်လပ်တဲ့ တက္ကသိုလ်တွေဖြစ်ဖို့ ပြောနေကြချိန်မှာ အခုလို မေးခွန်းနှစ်စုံ ထုတ်ပြီး ပါမောက္ခချုပ်တွေကို အပ်ပြီးမှ ပါမောက္ခချုပ်တွေက တစ်စုံ ရွေးမယ်ဆိုတော့ ပါမောက္ခတွေရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်ရာ ကျမယ်လို့ ထင်ပါတယ်” ဟု မန္တလေး ရတနာပုံ တက္ကသိုလ် ဆရာတစ်ဦးက The Voice သို့ သုံးသပ် ပြောကြားသည်။

“တစ်စုံပဲ ထုတ်ထုတ် နှစ်စုံပဲ ထုတ်ထုတ် Fair ဖြစ်ဖို့ လိုတယ်။ ကလေးတွေ အတွက်တော့ ပိုခက်ခဲနိုင် တာပေါ့” ဟု ကချင်ပြည်နယ် မိုးညှင်း တက္ကသိုလ် မှ ကထိက တစ်ဦးက သုံးသပ် ပြောကြားသည်။

ယင်းဦးစီးဌာနက စာမေးပွဲ မေးခွန်းများ စနစ်တကျ ပြုစုနိုင်ရေးအတွက် ဌာနကြီးမှူး အဆင့်ဆင့်ကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ စာမေးပွဲ မေးခွန်း များကို ဘာသာရပ် ဌာနမှူးများက ဦးစီးပြီး ဘာသာရပ်ဆိုင်ရာ သင်ရိုး တာဝန်ခံများ ပါဝင်သော အဖွဲ့ဖြင့် စနစ်တကျ ပြုစုရန်၊ မတူညီသည့် မေးခွန်း လွှာ နှစ်စုံ ပြုစုရန်၊ မေးခွန်းများ ဆီလျော် မှန်ကန်ရေး၊ သင်ရိုး ကာမိစေရေး အဆင့်မီစေရေး တို့ကို ဘာသာရပ်ဆိုင်ရာ ဌာနမှူးများ၊ ပါမောက္ခများက ဦးစီးပြီး ကြီးကြပ်ရန် မတူညီသည့် မေးခွန်း နှစ်စုံကို လျှို့ဝှက် အဆင့်ဖြင့် ချိပ်ပိတ်ပြီး ပါမောက္ခချုပ်ထံ အပ်နှံပြီး ၎င်းက မေးခွန်းလွှာများကို အနည်းဆုံး နှစ်ဦးပါမှ ဖွင့်နိုင်သည့် သေတ္တာတွင်း ထည့်၍ လုံခြုံခန်း၌ စနစ်တကျ သိမ်းဆည်းရန်တို့ ဖြစ်ကြောင်း ယင်းဦးစီးဌာန ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

မေးခွန်း ရိုက်နှိပ်ရန်အတွက် မေးခွန်းလွှာ နှစ်စုံအနက် တစ်စုံကို ပါမောက္ခချုပ် သို့မဟုတ် ဒုတိယ ပါမောက္ခချုပ်က ရွေးချယ်ရန်၊ သင်ကြားရေး ဆရာ ဆရာမများ မပါဝင်သော စာမေးပွဲ မေးခွန်း ထုပ်ပိုးရေး အဖွဲ့ကို ဖွဲ့စည်း ပြီး ရွေးချယ်ပြီးသော မေးခွန်းများကို စနစ်တကျ ထုပ်ပိုး၍ အနည်းဆုံး သော့ ဖွင့်သူ နှစ်ဦးက လုံခြုံရေးခန်းတွင် သိမ်းဆည်းထားရန်၊ စာမေးပွဲ မေးခွန်းများ ကို သက်ဆိုင်ရာ စာမေးပွဲ ဖြေဆိုမည့် ဘာသာရပ်နေ့၏ ဖြေဆိုချိန် မတိုင်မီ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေဆိုရမည့် ဘာသာရပ် နေ့ရက်၊ အချိန်၊ အခန်း၊ ဖြေဆိုသူ ဦးရေတို့ကို တိကျ မှန်ကန်စွာ စိစစ်ပြီးမှ ထုတ်ပေးရန် တို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment