Pages

Pages - Menu

Friday, August 2, 2013

တံတားဦးတွင် မုဒိမ်းကျင့် လူသတ် ပစ္စည်းလုသူ သေဒဏ်ချ

RangonNewsDaily:: Aug 2, 2013

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် လွန်ခဲ့သည့် ငါးလခန့်က အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် လူသတ် ပစ္စည်း လုယက်မှု ကျူးလွန်သူ ဝင်းအောင်စိုးကို ဇူလိုင်လ ၃၀ ရက်နေ့က သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်း ကျောက်ဆည်ခရိုင် တရားရုံးထံမှ သိရှိရသည်။

“ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ် ချတာပါ။ ဒီကနေ့ မန္တလေး အိုးဘိုထောင်ကို ပို့ပါတယ်” ဟု တံတားဦး ရဲစခန်းက အတည်ပြု ပြောကြား သည်။

ပြစ်မှု ကျူးလွန်သူ ဝင်းအောင်စိုးသည် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ဈေးဝယ်မည်ဟု အကြောင်းပြကာ တံတားဦးမြို့ သုသာန်သို့ ခေါ်၍ ယင်းသို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ သွားရောက် စစ်ဆေးရာ ယင်းသုသာန် တွင် အမျိုးသမီး တစ်ဦးသည် မျက်နှာဖူးရောင်၊ အထက် သွားနှစ်ချောင်း အောက်သွား သုံးချောင်းကျိုး၊ နှာခေါင်းရိုးကျိုး ဒဏ်ရာ များနှင့် သေဆုံးနေကြောင်း တံတားဦး ရဲစခန်းရှိ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ တရားခံ ဝင်းအောင်စိုးသည် ငါန်းဇွန်မြို့နယ် ကျွမ်းကန် အနောက်ရွာ တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို မြို့သာမြို့၏ အရှေ့ဘက် ရွာသစ်ကျေးရွာ ညိုလေး လက်ဖက်ရည်ဆိုင်၌ သက်သေခံ ရွှေထည် ပစ္စည်းများနှင့်အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းဆီး ရမိကြောင်း ၎င်းရဲစခန်း တာဝန်ရှိသူ က ဆိုသည်။

သေဆုံးသူ အမျိုးသမီးသည် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ကာ မိခင်အို ကြီးကို ပေါက်စီကြော်၊ ငုံးဥပြုတ်၊ စမူဆာကြော် ရောင်း၍ လုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်း ယင်းမြို့ ဒေသခံများက ပြောကြား သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment