Pages

Pages - Menu

Saturday, August 17, 2013

လေယာဉ်ပေါ်တွင် မူးပြီးရမ်းသဖြင့် မြန်မာတစ်ဦး အမှုဖွင့်ခံရ

RangonNewsDaily:: Aug 17, 2013

စင်္ကာပူမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသော လေယာဉ်ပေါ်တွင် မူးယစ်ရမ်းကားသဖြင့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို သြဂုတ် ၁၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖြစ်ရပ်သည် ယင်းနေ့ မွန်းလွဲပိုင်းက MAI ၏ စင်ကာပူ - မြန်မာပျံသန်းသော လေကြောင်းခရီးစဉ် အမှတ် 8M – 232 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

မူးယစ်ရမ်းကားသူအဖြစ် စွပ်စွဲကာအမှု ဖွင့်ခံထားရသူမှာ စင်ကာပူနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုကျော်ဝင်းစိန်ဖြစ်သည်ဟုလည်း ရဲများက အတည်ပြု ထားသည်။

၎င်းသည် အရက်သေစာသောက်စားပြီး လေယာဉ်အမှုထမ်းများဖြစ်သည့် ကိုတေဇာတင်ထွဋ်နှင့် မမြင့်မြင့်ဇင်တို့ထံ ၀ိုင်အရက်တောင်းသောက်ရာ ၀န်ထမ်းများက၎င်းကို အရက်မူးနေသဖြင့် မပေးနိုင်တော့ကြောင်းပြောသဖြင့် ရန်ပြုခဲ့သည်ဟုလည်း ရဲများက မှတ်တမ်းတင်ထားသည်။

ထို့ပြင် အခြားခရီးသည်များကိုလည်း စိတ်အနှောင့်အယှက်ဖြစ်သည်အထိ ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လေယာဉ်ပေါ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် လိုက်ပါလာသော ရဲအုပ်နေယုနှင့် လေဆိပ်လုံခြုံ ရေးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ကိုထွဋ်တို့က လေယာဉ်မြေပြင်သို့ ဆိုက်ကပ်ချိန်အထိ ၎င်းကို တားဆီးထိန်းသိမ်းခဲ့သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိအချိန်တွင် ကိုကျော်ဝင်းစိန်ကို ဒုရဲအုပ်နေယုက တရားလိုပြုလုပ် တိုင်တန်းထားပြီး မင်္ဂလာဒုံ ရဲစခန်း၌ အမှုအမှတ် (ပ) ၅၀၈/၂၀၁၃ဖြင့် အမှုဖွင့်ထားကာ ၎င်းကိုရဲအက်ဥပဒေပုဒ်မ ၄၂/၁၄ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်သည်။

ကိုကျော်ဝင်းစိန်ကို စစ်ဆေးရန် မင်္ဂလာဒုံ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 17.8.2013

No comments:

Post a Comment