Pages

Pages - Menu

Tuesday, August 13, 2013

အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီး စစ်ဆေးမည်

8.1.1
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

RangonNewsDaily:: Aug 13, 2013
အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက်များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင် လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား အစိုးရအဖွဲ့ ခွင့်ပြုချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အစီးရေ လေးသိန်းကျော် အထိရှိကာ တစ်နေ့လျှင် ပျမ်းမျှ တစ်ဂါလန်နှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၁၄၄၀ ကုန်ကျမည် ဖြစ်သည်။

ကညနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ် ၃၇ သိန်းကျော် အတွက် တစ်ရက်လျှင် တစ်လီတာနှုန်းဖြင့် တွက်ပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၂၉၁၆ လိုအပ်မည် ဖြစ်သည်။ ထိုသို့ အနည်းဆုံး ပမာဏနှင့် တွက်ချက်ထားသည့်အပြင် ရေယာဉ်များ၊ လုပ်ငန်းသုံး ယန္တရားများ၊ မီးစက်သုံးဓာတ်ဆီ၊ ဒီဇယ်ဆီများအား တွက်ချက်ထားမှု မရှိကြောင်း သိရသည်။

ထိုသို့ အနည်းဆုံး တွက်ချက်မှု၏ လိုအပ်သည့် ပမာဏ စုစုပေါင်းမှာ ဂါလန်သိန်းပေါင်း ၄၃၅၆ အထိ လိုအပ်နေသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီအား တရားဝင် တင်သွင်းရန် လျှောက်ထားမှုမှာ ဂါလန်ပေါင်း ၃၉၁၃ သိန်းသာ တရားဝင် တင်သွင်းရန် လိုင်စင်လျှောက် ထားခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အနည်းဆုံးနှုန်းနဲ့ တွက်တာကိုပဲ တစ်နှစ်ကို ဂါလန် ၄၄၃ သိန်းလောက် တရားမ၀င် တင်သွင်းနေတာ တွေ့ရတယ်။ ပြီးတော့ ရိုးရိုးဓာတ်ဆီ၊ ရိုးရိုးဒီဇယ်ဆီတွေ တင်သွင်းဖို့ လျှောက်ကြတယ်။ အပြင်မှာကျ ဆိုင်တိုင်း၊ ဆိုင်တိုင်းမှာ အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) တွေ ဆိုင်တိုင်းမှာ ရောင်းနေပါတယ်။ သူတို့ကိုလည်း ၀င်ရောက်စီးနင်းတဲ့ နေ့ဆိုတာ အစိုးရ အဖွဲ့တွေ ခွင့်ပြုတဲ့နေ့မှာ ဖြစ်လာမှာပါ'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အလားတူပင် ဖုန်းဟန်းဆက်များအား တရားဝင် တင်သွင်းခွင့် ပြုထားသော်လည်း စတင်ခွင့်ပြု ခဲ့သည့်နေ့မှ ယခုအချိန်အထိ တစ်နှစ်ခွဲ ကာလအတွင်း အလုံးရေ တစ်သိန်းခွဲခန့်သာ တရားဝင် လိုင်စင်ဖြင့် တင်သွင်းခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်မူ အလုံးရေ ၁၈၂ လုံးသာ တင်သွင်းခွင့် လိုင်စင်လျှောက်ထား ခဲ့သည်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ရွေ့လျားဖမ်းဆီးခဲ့သည့် ခုနစ်လအတွင်း ဟန်းဆက်အလုံးရေ ၉၃၇၀ လုံးဖမ်းဆီးခဲ့မိကာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၄၂ ကျော်ခန့် ရှိနေကြောင်း သိရသည်။ အများစု ဖမ်းဆီးမိသည်များမှာ ကိုယ်ပိုင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ၏ တရားဝင် တင်သွင်းခွင့် လိုင်စင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပေးနေခြင်း ဖြစ်သော်လည်း ဓာတ်ဆီဒီဇယ်ဆီများ တင်သွင်းခွင့်အား စွမ်းအင်ဝန်ကြီးဌာနကသာ တိုက်ရိုက်သက်ဆိုင်ကြောင်း သိရသည်။

အလားတူပင် ဖုန်းဟန်းဆက်များ တရားဝင် တင်သွင်းမှုမှာလည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးတင်ရဲဝင်းက ဆိုသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 13.8.2013

No comments:

Post a Comment