Pages

Pages - Menu

Tuesday, July 16, 2013

ရန်ကုန်ကလေးဆေးရုံကြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခုနစ်ဦးရှိ

Tuesday, July 16, 2013

လတ်တလော ကလေးငယ်များတွင် အဖြစ်အများဆုံး ရော ဂါဖြစ်သော သွေးလွန်တုပ်ကွေးကြောင့် ရန်ကုန် ကလေးဆေး ရုံကြီးတွင် သေဆုံးသူ ခုနစ်ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထိုက်က The Voice သို့ ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇွန်လကုန်ထိ သွေးလွန်တုပ်ကွေးကြောင့် လာရောက်ကုသသူ ၁၇၂၇ ဦးတွင် ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ကလေးသေဆုံးရခြင်းသည် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများကို မသိရှိခြင်းကြောင့် ဆေးရုံသို့အရောက် နောက်ကျကာ အသက်ဆုံး ရှုံးရခြင်း ဖြစ်ပြီး ယခုနှစ်တွင် သွေးလွန်တုပ်ကွေး လူနာများသည် သိသိသာသာ မြင့်တက်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

“အဖျားကျလာရင် လန်းရမယ်။ ဆော့ကစားရမယ်။ အစာတောင်း ရမယ်၊ ခွေမနေရဘူး။ ကလေးက အဖျားကျပေမယ့် ခုနကပြောသလိုမဖြစ်ဘဲ ဂျီကျနေမယ်။ နှာခေါင်းသွေးလျှံမယ်။ အညိုရောင်တွေ အန်မယ်၊ ဝမ်း မည်းမည်းသွားမယ်။ တံတောင်အောက် ဒူးခေါင်းအောက်တွေ က အေးစက်စက် စေးထန်းထန်း ဖြစ်နေမယ်။ ဗိုက်က အဆက်မပြတ်နာပြီး အန်နေမယ် ဆိုရင်တော့ သွေးလွန်တုပ်ကွေး ဖြစ်ပြီပဲ” ဟု ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

သွေးလွန်တုပ်ကွေးသည် ရိုးရိုးတုပ်ကွေးနှင့် ရောဂါလက္ခဏာချင်း တူပြီး သွေးလန့်သည့် အချိန်ကျမှသာ သွေးလွန်တုပ်ကွေးဖြစ်မှန်း သိရှိကြကြောင်း၊ ယင်းသို့ ပြင်းထန်သောအဆင့် ရောက်ရှိလာပါက ကလေးအထူးကု ဆရာဝန်ရှိသော ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက တိုက်တွန်းထားသည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးနှင့် လာရောက်ကုသနေသူ ကလေးငယ် အများစုသည် သန်လျင်၊ ရွှေပြည်သာ၊ ဒလ၊ အင်းစိန်၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်တို့မှ ဖြစ်ကြကြောင်း အဆိုပါဆေးရုံက ထုတ်ပြန်သည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးဦးရေသည် ၂၀၁၂ တစ်နှစ်လုံးတွင် ၁၁၄၄ ဦးရှိသော်လည်း ယခု ၂၀၁၃ ခုနှစ် နှစ်ဝက်ပိုင်း အတွင်းတွင်ပင် ဖြစ်ပွားသူ ၁၇၂၇ ဦးရှိခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းများသော အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နယ်မြေနှင့် မွန်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

(ရလေး၊ အောင်သော်ဖြိုး၊ သန္တာ)
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 16.7.2013

No comments:

Post a Comment