Pages

Pages - Menu

Thursday, July 18, 2013

မြိတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ထိုင်း-မြန်မာ နယ်စပ်တွင် ဇူလိုင် ၁၆ ရက်  နံနက်ပိုင်းက တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျအဆုံး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သော နေရာမှာ ထိုင်းတောင်ပိုင်းနှင့် နီးကပ်လျက် ရှိနေသော တံတားလေး ကျေးရွာနှင့် တံတားကြီး ကျေးရွာအကြား မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်းရှိရာ သုမင်္ဂလံကျေးရွာသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မတော်သားအချို့ ၀င်ရောက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အခေါ် ပေါင်းကူးစခန်းပေါ့။ အဲဒီစခန်းကို မနေ့မနက်က ၁၀ နာရီလောက်မှာ ကမ်းရိုးတန်းတပ်က ၀င်တိုက်ရင်း တိုက်ပွဲဖြစ်ခဲ့တာပါ။ အကျအဆုံး ရှိပါတယ်" ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ဇူလိုင် ၁၇ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အချိန် ၁၀ မိနစ်ခန့်သာ ကြာမြင့်သော်လည်း မွန်ပြည်သစ် ပါတီဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး၊ တပ်မတော်ဘက်မှတစ်ဦး ကျဆုံးခဲ့သည်ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ဒေသခံတပ်မှူး တမော့ချမ်း၏ ပြောစကားအား ကိုးကားပြီး ရွှေဟင်္သာ သတင်းဌာနက ဇူလိုင် ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

"ဒီဘက်က ပြန်ပြောတာကတော့ သူတို့ဘက်က ၀င်တိုက်တာ မဟုတ်ဘူး။ ဟံသာဝတီ ပြန်လည်ထူထောင်ရေးအဖွဲ့(HRP) က လူတွေထင်လို့ ၀င်တိုက်တာလို့ ပြောပါတယ်" ဟု နိုင်တလညီက ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ လက်အောက်တွင် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) ရှိပြီး အင်အား ၈၀၀ ခန့်နှင့် အရန်အင်အား ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီသည် သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူ၊ မြိတ်၊ ထားဝယ်နှင့် ကျိုက်မရောဒေသများတွင် အဓိက လှုပ်ရှားလျက် ရှိပါသည်။

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) သည် ၁၉၉၅ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အ
ခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စရပ်ကို ငြင်းဆန်ခဲ့သည့်
နောက် ၂၀၁၀ ပြည့်နှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားသော်လည်း MNLA နှင့် တပ်မတော်အကြား တိုက်
ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ  ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ် ရရှိခဲ့သည်။ ထိုသို့ သဘောတူညီချက် အသစ်ရရှိပြီး နောက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ဇူလိုင် ၁၆ ရက်က
 ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ် ဇူလိုင်တွင် တည်ထောင်ခဲ့ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်
ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ဖြစ်သည်။မွန်ပြည်သစ်ပါတီ၏
ဥက္ကဋ္ဌမှာ နိုင်ထောမွန်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ နိုင်ရောစဖြစ်ကာ နိုင်ငံသာက အထွေထွေ အတွင်းရေးမှူး
အဖြစ် တာဝန်ယူထားသည်။

အစိုးရနှင့် မွန်ပြည်သစ်ပါတီ၏ ဆက်ဆံရေးရုံးများကို မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ကျိုက်မရော၊ ဇင်းကျိုက်၊ မြိတ်တို့တွင်ဖွင့်ထားပြီး မော်လမြိုင်၊ဘုရားသုံးဆူနှင့် မြ၀တီတို့တွင်စီးပွားရေးရုံးများဖွင့်ထားသည်။လက်ရှိ
အချိန်တွင် မြိတ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ထားသော မွန်အမျိုးသား လွတ်မြောက်
ရေး တပ်စခန်းများကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာမည် ဆိုပါက ခုခံသွားရန် MNLA က စစ်ရေး
အသင့် ပြင်ထားကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ
အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်နေသော်လည်း အောက်ခြေတပ်ဖွဲ့ဝင်များ အကြား
တွင် ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media  ,  RangonNewsDaily
kolatt (Pabedan): 18.7.2013

No comments:

Post a Comment