Pages

Pages - Menu

Thursday, July 25, 2013

တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝန်ကြီးပြော

ရန်ကုန်၊ ဇူလိုင် ၂၄

တပ်မတော်တွင် လိုအပ်သည့် စစ်မှုထမ်း အင်အား ပြည့်မီစေရေးအတွက် တပ်သားသစ်များ စုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းမှု မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောကြား သည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်တွင် လိုအပ်သည့် လူသား အရင်းအမြစ်များ စုဆောင်း ရာတွင် စနစ်တကျ လုပ်ဆောင်နေကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်အတွင်း ဝင်ရောက်လာသည့် အသက်အရွယ် မပြည့်မီသူ စစ်မှုထမ်းများ ပပျောက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ် ကျော်ညွန့်က ထပ်လောင်း ပြောကြားသည်။

လတ်တလော ကာလအတွင်း မြန်မာ့တပ်မတော်မှ ကလေး စစ်သား များ နုတ်ထွက်ခွင့်ပြုသည့် သတင်းများ ကြားသိနေရပြီး ယင်းသို့ တပ်မတော် တွင်း ကလေး စစ်သား စုဆောင်းထားမိ၍ ပြန်လွှတ်ရခြင်းမှာ အရွယ်ရောက် ပြီးသူများ စစ်မှုထမ်းလိုစိတ် နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း လေရှီးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရှိသီးက သုံးသပ်သည်။

နိုင်ငံသားများတွင် စစ်မှုထမ်းလိုစိတ် နည်းပါးနေမှုကို ကာကွယ်ရေး ဝန်ကြီး ဌာနက ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“တပ်မတော်ကို ဝင်ရောက်မှု နည်းတာ စီးပွားရေး အခွင့်အလမ်းတွေ တိုးတက်လာတဲ့ နိုင်ငံတိုင်းမှာ ကြုံရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကတော့ စစ်မှုမထမ်း မနေရ စနစ် ကျင့်သုံးနေပေမယ့် မြန်မာနိုင်ငံမှာတော့ မိမိသဘော ဆန္ဒအလျောက် ဝင်ရောက်လာသူကိုပဲ လက်ခံပါတယ်” ဟု ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက ဆိုသည်။

တပ်မတော်နှင့် KIA အဖွဲ့တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင် တိုက်ပွဲ များကြောင့် အဓမ္မ တပ်သား စုဆောင်းမှုများ ရှိခဲ့သည်ဟုဆိုကာ ကချင်ပြည်နယ် ဒေသခံများက မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့တွင် ဇွန်လ ၁ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ဖမ်းဆီး ခံထားရသူများကို ပြန် လွှတ်ပေးရေး တောင်းဆိုခဲ့သည်။

အရွယ်မရောက်သေးသူ စစ်မှုထမ်း ပပျောက်ရေးအတွက် အစိုးရ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း အချို့ ပူးပေါင်း ကြိုးပမ်းမှုကြောင့် အရွယ်မရောက်သူ စစ်မှုထမ်း ၁၀၈ ဦးကို နေရပ် ပြန်ပို့နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 The Voice, RangonNewsDaily
kolatt (Pabedan): 25.7.2013

No comments:

Post a Comment