Pages

Pages - Menu

Saturday, July 13, 2013

ဝက်လက်-မန္တလေး မြန်မာပြည်သား ခရီးသည်တင်ယာဉ် အိမ်အတွင်းထိ ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

ရွှေဘို၊ ဇူလိုင် ၁၂

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော မြန်မာပြည်သား ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့ ဘူတာရုံလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာရုံး အရှေ့ဘက်ရှိ လမ်းမနှင့်နီးကပ်စွာ ဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်တစ်လုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ လူနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ယာဉ်ပိုင်ရှင် ဦးသိန်းဇော် မောင်းနှင်သော မြန်မာပြည်သား မော်တော်ယာဉ်သည် အရှိန်လွန်ပြီး အိမ်ကိုဝင်တိုက်မိခဲ့ရာ အိမ်ရှေ့တွင် မုန့်ဟင်းခါးရောင်းရန် ပြင်ဆင်နေသော ဒေါ်သင်းနွယ် (၃၁) နှစ်ကို ဝင်တိုက်မိခဲ့ပြီးနောက် အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး အသက် (၄၁) နှစ်ကိုပါ ဝင်တိုက်မိခဲ့ရာမှ ၎င်းတို့နှစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးမြင့်ဦးက ပြောကြားသည်။

ဒေါ်သင်းနွယ်ကို တိုက်မိချိန်တွင် အနီးတွင်ရှိသော ဦးသက်ထွန်းက ဝင်ဆွဲခဲ့ရာ ခါးနှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး အိမ်အတွင်းရှိ မော်တော်ဆိုင်ကယ်နှင့် အခြားပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။

“ကားကအရှိန်လွန်ပြီး ဝင်သွားလိုက်တာ အသံတွေလည်း ဆူညံလို့။ မနက်စောစောစီးစီးဆိုတော့ ထင်မထားဘူး။ ဖြစ်ဖြစ်ချင်းဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ခဏနေမှ မသင်းနွယ်ကို ကြည့်လိုက်တော့ သွေးတွေနဲ့ ဆေးရုံသွားရအောင်ပြောတော့ မသင်းနွယ်က ငါဟုတ်မှဟုတ်ပါ့မလားလို့ ပြောသေးတယ်။ ဆေးရုံပေါ်မှာတောင် အဝတ်အစား ကိုယ်တိုင် လဲနိုင်သေးတယ်။ ဆေးရုံရောက်ပြီး မိနစ် ၃၀ လောက်နေမှ ဆုံးသွားတာ” ဟု သေဆုံးသူ ဒေါ်သင်းနွယ်၏ ဆိုင်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး၏ အလောင်းသည် ကားနှင့်ပိတ်မိနေသဖြင့် ကားကိုထုတ်ပြီးမှသာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဝက်လက်ဒေသခံများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို ဝက်လက်မြို့နယ် ရဲစခန်းတွင် (ပ)၁၁/၂၀၁၃၊ ပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-က အရ အမှုဖွင့်ထားပြီး ယာဉ်မောင်း ဦးသိန်းဇော်မှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း အဆိုပါရဲစခန်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(ချိုသဲကြည်)
RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

No comments:

Post a Comment