Pages

Pages - Menu

Thursday, July 18, 2013

မြန်မာနေရှင်နယ်လိဂ် ကစားသမားများမှာ လုပ်ယူထားသော ပရော်ဖက်ရှင်နယ်များဟု ဦးဇော်ဇော်ဝန်ခံ

ဇူလိုင်လ ၁၇ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က မြန်မာနေရှင်နယ်လိဂ်တွင် လက်ရှိကစားနေသော မြန်မာကစားသမားများမှာ ပရော်ဖက်ရှင်နယ်အစစ်များ မဟုတ်ဘဲ လုပ်ယူထားသော ပရော်ဖက်ရှင်နယ် ကစားသမားများသာဖြစ်ကြောင်း မဇ်္ဈိမသို့ ပြောသည်။ “ကျွန်တော်တို့လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေက ပရော်ဖက်ရှင်နယ် ကစားသမားအစစ်တွေ မဟုတ်ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် လုပ်ယူထားရတဲ့ ပရော်ဖက်ရှင်နယ်တွေပါ။ သူတို့တွေရဲ့ ပင်ကိုယ်ခံယူချက် စိတ်ဓာတ်နဲ့ ပရိုကစားသမားဖြစ်လာကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့က အဆင်မြှင့်တင်ပြီး ဆွဲတင်ထားရတာပါ” ဟု ဦးဇော်ဇော်ကဆိုသည်။

ဦးဇော်ဇော်၏ ပြောကြားမှုကို မြန်မာယူ-၂၃ အသင်း မန်နေဂျာ ဦးတင်မြင့်အောင်ကလည်း ထောက်ခံခဲ့သည်။ “ကျွန်တော်တို့အဆင့်က ပရိုအဆင့် မရှိသေးပါဘူး။ အခုမှ ဆီမီးပရိုအဆင့်လောက်ပဲရှိတာပါ။ ကစားသမားတွေကို အကြံပေးချင်တာကလည်း ပြည်ပထွက်ကစားနိုင်အောင် ကြိုးစားပါ။ အခုက ကိုယ့်ပြည်တွင်း အသင်းတွေမှာပဲကစားပြီး ပရော်ဖက်ရှင်နယ် ဖြစ်နေကြတယ်။ ပြည်ပနိုင်ငံတွေက မြန်မာကစားသမားတွေကို ခေါ်ကစားတဲ့အဆင့်အထိ ဖြစ်လာစေချင်ပါတယ်” ဟု ဦးတင်မြင့်အောင်က ပြောကြားသည်။

၁၉၉၀ ၀န်းကျင်တွင် ငွေခေတ်လက်ရွေးစင် ကစားသမားများဖြစ်သော ကြည်လွင်၊ အောင်နိုင်၊ မျိုးလှိုင်ဝင်း ၊ တင်မြင့်အောင်၊ သန်းတိုးအောင်၊ မောင်မောင်ဦး၊ သန်းဝေ၊ ဆန်းဝင်း၊ ၀င်းအောင်၊ အစရှိသည့် ကစားသမားများ ပြည်ပနိုင်ငံများတွင် ပရော်ဖက်ရှင်နယ်အဖြစ်ထွက်ကစားပြီး နောက်ပိုင်းမျိုးဆက်များတွင် ပြည်ပကလပ်များသို့ သွားရောက်ကစားခဲ့သည့် အရေအတွက် အလွန်နည်းပါးခဲ့သည်။ မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်လိဂ် ပေါ်ပေါက်လာပြီး နောက်ပိုင်း လာကျဲအိုလွယ်၊ စည်သူသန်းစသည့် ကစားသမားများ ထိုင်းပထမတန်းကလပ် ရနောင်းအက်ဖ်စီ အသင်းတွင် ကြေးစားသွားကစားခဲ့ဖူးသော်လည်း ကာလတိုသာ ကစားခဲ့ကြသည်။

မြန်မာကစားသမားများကို ပြည်ပကလပ်များ စိတ်မ၀င်စားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်းက “ကျွန်တော်ကတော့ တရားဝင်ကမ်းလှမ်းမှုတွေရှိလာရင် ပြည်ပထွက်ကစားချင်ပါတယ်။ ကျွန်တော့် ကစားသမားဘ၀ကို တိုးတက်စေမယ့် ဘယ်နိုင်ငံမျိုးမှာမဆို ကစားဖို့အသင့်ပါ ပဲ။ ပြည်ပကလပ်တွေ မြန်မာကစားသမားတွေကိုခေါ် မကစားဘူးဆိုတာ ကျွန်တော်တို့ညံ့လို့ပဲ ပြောရမှာပေါ့” ဟု ဆိုသည်။

ဦးဇော်ဇော်က ကစားသမားများအနေဖြင့် ပရော်ဖက်ရှင်နယ် မပီသဟုဆိုသော်လည်း ပရော်ဖက်ရှင်နယ် စနစ်ကူးပြောင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ဆိုသည်။

“ပရော်ဖက်ရှင်နယ်စနစ်ပြောင်းတာ မမှားပါဘူး။ ဘောလုံးတိုးတက်ဖို့ မဖြစ်မနေလုပ်ဖို့ လိုအပ်တဲ့ အရာပါ။ ပိုက်ဆံအများကြီးရလို့ ကစားသမားတွေ ပျက်စီးတယ်လို့ ဝေဖန်နေကြပေမယ့် တစ်လကို ငါးသောင်း၊ တစ်
သိန်းလောက်နဲ့ ဘယ်သူမှ ဘောလုံးကစားကြမှာ မဟုတ်ဘူး။ ပျက်စီးတယ်ဆိုတာကလည်း လုပ်လေ၊ အချိန်တန်ရင် သူ့လမ်းသူရွေးမှာပဲ။ ပျက်စီးတဲ့လူလမ်းဘေးရောက်မှာပဲ” ဟု ၎င်းက ပြောသည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan): 17.7.2013

No comments:

Post a Comment