Pages

Pages - Menu

Saturday, July 27, 2013

ဆက်သွယ်ရေးဝန်ကြီး အယောင်ဆောင်ပြီး ငွေကျပ် ၅၁ သိန်း လိမ်လည်

RND: July 27, 2013

သူ့ကိုယ်သူ ဆက်သွယ်ရေးဝန်ကြီးဟု မိတ်ဆက်ပြီး ဖုန်းဆက်ကာငွေကျပ် ၅၁သိန်း လိမ်လည်ရယူသွားခဲ့မှုကို ဒေါပုံရဲစခန်းတွင် ဇူလိုင် ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မှုခင်းသတင်းထုတ်ပြန်သည်။ လိမ်လည်ခံရသူမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော မနုနုဆွေဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

သူမကို အမျိုးသားတစ်ဦးကဖုန်းဖြင့် ဆက်သွယ်လာပြီး သူ့ကိုယ်သူဆက်သွယ်ရေးဝန်ကြီးဟု မိတ်ဆက်ကာ တယ်လီဖုန်းသုံးစွဲသူများကို အစိုးရက ကျေးဇူးတုန့်ပြန်သောအနေဖြင့် ၎င်းတို့ဝန်ကြီးဌာနက ချထားပေးခဲ့သည့် ဂျီအက်စ်အမ်ဖုန်းများထဲမှ သုံးလုံးကို မဲဖောက်ကာသိန်း ၂၀၀၀ ချီးမြှင့်ရန် စီစဉ်ခဲ့ရာ ယခုဖုန်းသည် မဲပေါက်ကြောင်း ပြောကြားခဲ့သည်ဟု ရဲဌာနကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ပြင် ယခုမဲပေါက်သူသည် ကံစမ်းမဲပေါက်သည့်ငွေကျပ် သိန်း ၂၀၀၀ ကို ယနေ့ပင်နောက်ဆုံးထား၍ ထုတ်ယူရမည် ဖြစ်ကြောင်း၊ ဆုငွေထုတ်ယူရာတွင်လည်း အခွန်ငွေ ၁၀၉ သိန်းကို ကြိုတင်ပေးဆောင်ပြီး မှထုတ်ယူရမည်ဟု ပြောကြားခဲ့သေးသည်ဟု ရဲဌာန၏ ထွက်ဆိုချက်မှတ်တမ်းတွင် တွေ့ရသည်။

မနုနုဆွေက သူ့တွင် ၁၀၉ သိန်း မရှိဘဲ ငွေ ၅၁ သိန်းသာရှိကြောင်း ထိုသူအားပြန် ပြောရာအဆိုပါငွေများ ကိုဒေါပုံမြို့နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးဘိုဘိုဟိန်းနာမည်ဖြင့် လွှဲပေးရန် မှတ်ပုံတင်နံပါတ်ကိုလည်း ပေးကြောင်း၊ ထိုငွေရောက်လာလျှင် ကံစမ်းမဲပေါက်သည့် ကျပ်သိန်း ၂၀၀၀ ကို ပြန်လွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုလိမ်လည်ခဲ့သည်ဟု ရဲများ၏ မှုခင်းမှတ်တမ်းတွင်တွေ့ရသည်။

မနုနုဆွေကလည်း ထိုသူပြောစကား ယုံကြည်မိပြီး ငွေ ၅၁ သိန်းကို သူညွှန်ကြားသည့်အတိုင်း ဒေါပုံ ကမ္ဘာဇဘဏ်သို့ လွှဲပေးခဲ့ပြီးမှ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော သူ့ယောက်မဖြစ်သူထံ ဖုန်း ဆက်ပြီး အကျိုးအကြောင်းမေးမြန်းကာမှ မိမိအလိမ်ခံရသည်ကို သိရှိခဲ့ရသည်ဟုဆိုသည်။

ထို့ကြောင့် မနုနုဆွေ၏ ယောက်မ မယဉ်မျိုးသူက ကမ္ဘောဇဘဏ်သို့ ဆက်သွယ်သော်လည်း လိမ်လည် သူကငွေကို လာထုတ်သွားပြီဖြစ်ကြောင်း ဘဏ်ကပြောသဖြင့် မယဉ်မျိုးသူကပင် ငွေလွှဲခဲ့သည့် ဘဏ်တည်ရှိရာ ဒေါပုံမြို့နယ် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်ကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့ ၀န်ကြီးဌာနမှာ အခုလိုမဲဖောက်ပေးတဲ့ အစီအစဉ်မရှိပါဘူး။ ၀န်ထမ်းတွေကို ဖုန်းဆင်းမ်ကတ် မဲဖောက်ပေးတာပဲရှိပါတယ်” ဟု အတည်ပြုပြောကြားသည်။

ယခုကိစ္စနှင့်အလားတူ သမ္မတရုံးမှ မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်လည်ရန် မြိတ်မြို့မှ အမျိုးသမီးတစ်ဦးထံ ဆက်သွယ်၍ ငွေကျပ်ကိုးသိန်းကို လိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု ယခုနှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့ဖူးသည်။ သို့သော် ယင်းဖြစ်စဉ်တွင် ဆက်သွယ်ခံရသူအမျိုးသမီးက မယုံကြည်၍ ငွေမလွှဲပေးခဲ့သဖြင့် လိမ်လည်မှု မခံခဲ့ရပေ။

မနုနုဆွေ လိမ်လည်ခံရသည့်အမှုကို ဒေါပုံရဲစခန်းတွင်ယောက်မဖြစ်သည့် မယဉ်မျိုးသူကပင် တရားလိုပြု လုပ်တိုင်တန်းထားပြီး ရဲစခန်းကအမှုအမှတ် (ပ)၂၄၇/၁၃ ဖြင့် အမှုဖွင့်ထားပြီး လိမ်လည်သူကို ဖမ်းမိရန် စုံစမ်းလျှက်ရှိကာ သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေ ၄၂၀ လိမ်လည်မှုဖြင့် တရားစွဲမည်ဟု ဆိုသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 27.7.2013

No comments:

Post a Comment