Pages

Pages - Menu

Saturday, July 27, 2013

နိုင်ငံကူးလက်မှတ်အတုဖြင့် မလေးမှ ပြန်လာသူနှစ်ဦး လေဆိပ်တွင် အဖမ်းခံရ

RangonNewsDaily ::July 27, 2013

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ပြန်လာသော မြန်မာနှစ်ဦးကို ရန်ကုန်အပြည်ပြည်လေဆိပ်တွင် စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုန်ပြန်သည်။ ထိုသူနှစ်ဦးမှာ မကွေးတိုင်းဇာတိ အသက် ၃၀ အရွယ် ကိုယဉ်ခိုင်နှင့် လှိုင်သာယာမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် ကိုအောင်မျိုးထက်တို့ ဖြစ်ကြကြောင်း ရဲဌာနက အတည်ပြုထုတ်ပြန်ထားသည်။

သူတို့သည် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီ ဆိုက်ကပ်သည့် လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဂဟေဆော်လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူများ ဖြစ်သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေးအရာရှိက တရားလိုပြုလုပ်ကာ တိုင်တန်းထားသဖြင့် မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၄၄၆/ ၁၃ နှင့် ၄၄၈/၁၃ တို့ဖြင့် အမှုဖွင့်ထားပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပုဒ်မ ၁၃(၁) / ၁၃(၇) (က)(ဃ) ဖြင့်တရားစွဲခံရမည်ဟု ရဲဌာနက ဆိုသည်။

ထို့ပြင် သူတို့ကိုလေဆိပ်ဌာနစုလည်း တိုင်တန်းသဖြင့် အမှုထပ်မံဖွင့်ထားပြီး ထိုတိုင်တန်းမှုကိုမူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ပုဒ်မ ၄၂၀ တို့ဖြင့် တရားစွဲဆို ခံရဦးမည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်တွင်ပါရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာများအကြမ်းဖက်ခံရသဖြင့် မိခင်နိုင်ငံသို့ ပြန်လိုသူများလွယ်ကူရန် အစိုးရက ဆောင်ရွက်ထားသဖြင့် နိုင်ငံကူး လက်မှတ်မရှိသော်လည်း မလေးရှားရှိ မြန်မာသံရုံးက နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) ပေးလျှင်ပင် ပြည်ဝင်ခွင့်ပေးမည်ဟု လူဝင်မှုကြီးကြပ် ရေးဌာနဒုညွှန်မှူး ဦးကျော်မြင့်က ဇွန် ၁၆ ရက်က ပြောကြားခဲ့ဖူးသည်။

ထိုစဉ်က “သံရုံးရဲ့ ထောက်ခံချက်ကိုယူပြီး ပြန်လာပါ၊ ဒါဆိုရင်တော့ ကျွန်တော်တို့ အရေးမယူဘူး ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပတ်စပို့အတုလုပ်ထားတာဆိုရင်တော့ ဥပဒေအရ အရေးယူရပါမယ်” ဟု သူကပြောကြားခဲ့သည်။

မလေးရှားတွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန် မေ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ ထိုနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသည့် မြန်မာဦးရေမှာ ၃၄၀၀ ခန့်ရှိသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 27.7.2013

No comments:

Post a Comment