Pages

Pages - Menu

Wednesday, July 10, 2013

တာမွေမြို့နယ်တွင် အနှိပ်ခန်း အစောင့်နှင့် ရဲတပ်ဖွဲ့ဝင်များ ရန်ဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက် အသောကလမ်းတွင် ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီခွဲခန့်က အနှိပ်ခန်းသို့ အပေါ့သွားရန်ဟုဆိုကာ လာရောက်သည့် ရဲတပ်ဖွဲ့များနှင့် အနှိပ်ခန်း လုံခြုံရေး ဝန်ထမ်းတို့အကြား အနှိပ်ခန်းထံ ငွေတောင်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ အနှိပ်ခန်း အနီးတွင် နေထိုင်သူများ၏ ပြောကြားချက် အရ သိရှိရသည်။ ရဲတပ်ရင်း အမှတ်( ၇) မှ ရဲတပ်ကြပ်ကြီး ကျော်ကျော်နှင့် ကျိုက္ကဆံဝင်း အခြေပြု ရဲတီးဝိုင်းမှ ရဲတပ်ကြပ် ကြည်သာ ကျော်ဝင်းလွင်၊ ရဲတပ်ကြပ် တင်မိုးအောင်၊ ရဲတပ်ရင်း အကူ တပ်ဖွဲ့ခွဲ (၃)မှ ရဲတပ်ကြပ် သက်လွင်ဦး တို့ လေးဦးသည် အရပ်ဝတ်ဖြင့် အသောကလမ်းရှိ ဘီယာဆိုင်တွင် ဘီယာသောက်ပြီး ပြန်လာချိန်တွင် အသောကလမ်းမပေါ်ရှိ တိုက်အမှတ် (၈) ၌ ယခင် ဆံပင်အလှပြင် ဆိုင် ဖွင့်လှစ်ခဲ့ဖူးသည့် ဆိုင်ခန်းသို့ အပေါ့သွားရန် လေးဦးစလုံး ဝင်ရောက်စဉ် ရဲတပ်ကြပ် ကြည်သာ ကျော်ဝင်းလွင်က ဆိုင်စောင့် အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရဲ အသိုင်းအဝိုင်း ထံမှ သိရှိရသည်။

ရဲတပ်ကြပ် ကြည်သာ ကျော်ဝင်းလွင်က အခန်းကို စောင့်နေ သည့် ဒေါ်မြင့်မြင့်သန်း၏ ရင်ဘတ်ကို လက်ဖြင့် တွန်းခဲ့ရာမှ အလုပ်သမား များဖြစ်သည့် ဦးထင်လင်းဇော်နှင့် ဦးမင်းမင်းစိုးတို့နှင့် ရန်ဖြစ်ခဲ့ပြီး အပြန်အလှန် ထိုးကြိတ်နေစဉ် ရဲတပ်ကြပ်ကြီး ကျော်ကျော်က ဝင်ရောက် ဖျန်ဖြေသဖြင့် ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်ခွာ ခဲ့ကြောင်း၊ ရဲတပ်ကြပ်ကြီး ကျော်ကျော်က ဆိုင်တွင် ကျန်ရှိချိန်တွင် လူ ၂၀ ခန့် စုရုံး ရောက်ရှိလာသဖြင့် ရဲတပ်ကြပ် ကျော်ကျော်က တာမွေမြို့နယ် ရဲစခန်းသို့ သွားရောက် သတင်းပို့ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိ ရသည်။

“ဒီရဲတွေထဲက တစ်ယောက်က ငါတို့ကို ဘာကောင်မှတ်နေလဲ တိုင်းကကွ၊ တိုင်းကလို့ အော်လိုက်တဲ့ အသံ ကြားလိုက်တယ်” ဟု အဆိုပါ ဆိုင်ခန်း အနီး ဈေးဆိုင် ဖွင့်လှစ်ထားသူ အသက် ၄၀ ကျော် မျက်မြင် တွေ့ရှိသည့် အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ရပ်ကွက်တွင် ယခင်က အနှိပ်ခန်း ခြောက်ခုခန့် ရှိခဲ့ရာမှ လက်ရှိတွင် အနှိပ်ခန်း နှစ်ခုသာ ကျန်ရှိတော့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“အသုဘတိုက်ခန်း ညလုံးပေါက် မီးဖွင့်ထားတာကို အနှိပ်ခန်းနဲ့ မှားပြီး ဘဲလ်တီး၊ ခေါင်းလောင်းကြိုးဆွဲ လို့ လာတိုင်ထားတာလည်း မနည်းပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို မြို့နယ် ရဲစခန်းတွင် စစ်ဆေး မေးမြန်းလျက်ရှိပြီး ဆိုင်ရှိ ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ၎င်းတို့ဘက်က အမှုဖွင့်ထားခြင်းမရှိကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် စစ်ဆေး ပေါ်ပေါက် ပါက ရဲ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 10.7.2013

No comments:

Post a Comment