Pages

Pages - Menu

Tuesday, May 28, 2013

စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများကို ထိရောက်စွာ အရေးယူနိုင်ရန် ပြိုင်ကားဖမ်းဆီးရေး အထူးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများကို ထိရောက်စွာ အရေးယူသွားရန် ပြိုင်ကား ဖမ်းဆီးရေး အထူးအဖွဲ့ကို မတ်ခ်တူးအမျိုးအစား ကား ၁၂ စီးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ ရဲမှူးသာဌေးက မေ ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။ ပြိုင်ကားဖမ်းဆီးရေး အထူးအဖွဲ့တွင် မြို့နယ်နှင့် ခရိုင်အလိုက် အဖွဲ့များ ပါဝင်မည်ဖြစ်ပြီး စီမံချက်ဖြင့် အရေးယူနိုင်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က မေ ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

''ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ပြိုင်ကားတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ရန် အတွက် သီးခြားဖမ်းဆီးရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ဖို့အတွက် လုပ်ငန်းတွေ ဆောင်ရွက်နေပါပြီ။ မြို့နယ်အလိုက် ခရိုင်အလိုက် ဖမ်းဆီးရေး အထူးအဖွဲ့တွေကို ဖွဲ့စည်းထားတယ်။ ဘယ်တော့ စဖမ်းမယ် ဆိုတာတော့ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ ဖမ်းဆီးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ယာဉ်တိုက်မှုတွေ လျော့ကျစေဖို့နဲ့ ဒီမှာက ပြိုင်ကားတွေ ပြိုင်မောင်းတဲ့စနစ်ကို ခွင့်ပြုထားခြင်း မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။

ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ ရဲမှူးသာဌေးက ''အရင်တုန်းက စီမံချက်နဲ့ ပြိုင်ကားတွေကို ဖမ်းတယ်ဆိုတာ လိုက်ဖမ်းတာ မဟုတ်ဘူး။ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေး အရေးယူတာပဲ ဖြစ်တယ်။ အခုတော့ သေသေချာချာ အထူးအဖွဲ့တွေဖွဲ့ပြီးတော့ ကားတွေနဲ့ လိုက်ဖမ်းမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ပြိုင်ကားမောင်းသူများမှ ညပိုင်းများတွင် အုပ်စုဖွဲ့၍ မောင်းနှင်မှုများ ပြုလုပ်ပြီး ၀ိုင်းဝန်းရိုက်နှက်သည့် ဖြစ်စဉ်များ ၂၀၁၂ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆက်တိုက်ဖြစ်ပွားခဲ့ကာ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်းလည်း သိရသည်။
Myanmar Car Market , Rangonnewsdaily
RND:  :28.5.2013

No comments:

Post a Comment