Pages

Pages - Menu

Thursday, May 30, 2013

ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်

Thursday, May 30, 2013

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင်ပုံကျေးရွာရှိ အခြေခံ ပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ တစ်ရွာလုံးရှိ ကျောင်းသားမိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။ "ဒီကျောင်းမှာ ကျောင်းအုပ်ကြီး ဦးဇေယျရှိနေသရွေ့ တစ်ရွာလုံးက မိဘတွေက ကလေးတွေကို ကျောင်းမအပ်ကြ တော့ဘူးလို့ ပြောကြတယ်" ဟု ကျောင်းအကျိုးဆောင် ကော်မတီဝင် ဦးအုန်းကျော်မြင့် က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆားတောင်ပုံ ကျေးရွာ ရာအိမ်မှူး ဦးထွန်းရွှေထံ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စမှာ မှန်ကန်ကြောင်း၊ အဆိုပါကျေးရွာရှိ မည်သည့်မိဘကမှ ကျောင်း မအပ်ဟု ဆိုကြောင်း၊ ၄င်းအနေဖြင့် ကျောင်းသား မိဘများကို မေလ ၂၄ ရက်နေ့နှင့် မေလ ၂၅ ရက်နေ့များတွင် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးသော်လည်း ကျောင်းမအပ်လိုသော ဆန္ဒ သဘောထား ရှိကြောင်းကို လက်မှတ်ရေးထိုးကြကြောင်း ၄င်းက ပြန်လည်ဖြေကြားသည်။

အဆိုပါ အခြေခံပညာ ကျောင်းအုပ်ဆရာကြီးကို နှစ်လအတွင်း ကျောင်းပြောင်းရွှေ့ခြင်းမပြုပါက ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"ဒီကျောင်းအုပ်ကို ကျွန်တော်တို့ ကျေးရွာကနေ ပြောင်းပေးဖို့အတွက် မြို့နယ် ပညာရေးမှူးရုံးမှာ အဆင့်ဆင့်အသိပေး တိုင်ကြားထားပေမယ့် ဒီကနေ့အထိ ဘာမှမထူးပါဘူး။ ကျွန်တော်တို့ ဒီကျောင်းအုပ် ပြောင်ရွှေ့ရေး နှစ်လစောင့်မှာပါ။ ပြောင်းမပေးဘူးဆိုရင်တော့ မိဘတွေ ကျောင်းသား တွေအပါအဝင် ခွင့်ပြုချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးရုံး ရှေ့မှာ တစ်ရွာလုံး ဆန္ဒဖော်ထုတ်သွားမယ်" ဟု ဆားတောင်ပုံကျေးရွာ ဆယ်အိမ်မှူး ဦးညွန့်မောင်နှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင် ဦးအုန်းကျော်မြင့် တို့က The Voice သို့ ပြောကြားသည်။

ယင်းဆားတောင်ပုံ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်ရှိပြီး ကျောင်းအုပ်ဆရာကြီး အပါအဝင် ပညာရေးဝန်ထမ်း နှစ်ဦးသာ ရှိကြောင်း၊ ယခုအခါ ကျောင်း ဆရာမတစ်ဦးမှာ မီးဖွားခွင့်ပေးထားရပြီး ကျောင်းအုပ်ဆရာကြီး၏ စီမံသင်ကြားမှု များတွင် အားနည်းချက် များစွာရှိကာ တစ်လတွင် ၁၅ ရက်ခန့်သာ စာသင်ကြား ကြောင်းနှင့် အဆိုပါဆရာကြီးတွင် အခြားလူမှုရေး ပြဿနာများလည်း ရှိကြောင်း ၄င်းတို့က ပြောဆိုသည်။

"ဒီကနေ့ပဲ အစည်းအဝေး ထိုင်နေပါတယ်။ သူ့ကို ယာယီပြောင်းဖို့ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ တိုင်းကို ဆက်လက် တင်ပြသွားမှာပါ" ဟု ယင်းကိစ္စနှင့် ပတ်သက်၍ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးထံ The Voice က ဆက်သွယ် မေးမြန်းရာ ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုသည်။

ဆားတောင်ပုံကျေးရွာရှိ အခြေခံ မူလပညာကျောင်း ကျောင်းအုပ်ဆရာကြီး ထံသို့ The Voice က မေလ ၂၉ ရက်နေ့ တွင် ဖုန်းဆက်သော်လည်း ဖုန်းမှာစက်ပိတ် ထားပါသဖြင့် ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

ဆားတောင်ပုံကျေးရွာသည် ပင်လယ်ဘူးမြို့နှင့် ၂၄ မိုင်ခန့်ဝေးပြီး ကျောင်းအုပ်ကြီး ဦးဇေယျသည် ၁၉၉၇ ခုနှစ်တွင် ယင်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းရောက် ရှိခဲ့သည်မှ ယနေ့အထိ ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား တစ်ဦးမျှမရှိသေးကြောင်း ကျေးရွာဒေသခံ များက တူညီစွာပြောကြားသည်။

The Voice Weekly ,Rangonnewsdaily
RND:  :30.5.2013

No comments:

Post a Comment