Pages

Pages - Menu

Saturday, May 4, 2013

ပုဂ္ဂလိကပိုင် သတင်းစာများ ထွက်ရှိနေသော်လည်း သိသာစွာရောင်းချရခြင်း မရှိသေး

မေလ ၄ ရက် ၂၀၁၃

သတင်းစာများ ထွက်ရှိသည့်ကာလ တစ်လကျော် ကြာမြင့်ခဲ့သော်လည်း သိသိသာသာရောင်းချရခြင်း မရှိသလိုနယ် ဒေသ များတွင် ဂျာနယ် များကိုသာ အဓိကထား ဝယ်ယူကြကြောင်း သိရသည်။“နယ်တွေက ဂျာနယ်တွေပဲ အဓိက မှာဖတ်တယ်ဗျ၊ သတင်းစာတွေကို နယ်မှာရောင်းတဲ့ လူတွေကလဲ မရောင်းရလို့ မမှာကြဘူး”ဟု ဆင်တောင်ကြီး စာပေဖြန့်ချိရေးမှ ဦးအောင်မြင့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။ ဧပြီလ ၁ ရက်နေ့ တွင် ပုဂ္ဂလိကပိုင် သတင်းစာ ၄ စောင် စတင်ထုတ်လုပ် ဖြန့်ချိရာတွင် မျှော်မှန်းထားသည် အထိ ရောင်းချရခြင်း မရှိဘဲ ဂျာနယ်များမှာမူ ယခင်ရောင်းရ သကဲ့သို့ ဆက်လက် ရောင်းချနေရဆဲ ဖြစ်ကြောင်း သိရသည်။


နေ့စဉ်ထုတ်သတင်းစာများ ထွက်ရှိလာသော်လည်း သတင်း အရည်အသွေး၊ ကြိုးစားအားထုတ်မှုနှင့် သတင်းပါ အကြောင်းအရာ ပြည့်စုံမှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ ရောင်းအားနည်းနေရခြင်း ဖြစ်ကြောင်းလည်း ဦးအောင်မြတ် က ပြောကြားသည်။

သို့သော်လည်း နောက်ပိုင်းကာလများတွင် သတင်းစာအမြောက်အများ ထွက်ရှိလာပြီး ဈေးကွက် အတွင်း ထိုးဖောက် နိုင်ပါက အောင်မြင်မှု ရရှိနိုင်သော်လည်း အကုန်အကျများသည့် အလုပ်တစ်ခုဖြစ်သည့်အတွက် ငွေကြေးတောင့်တင်း သည့် သတင်းစာတိုက်များသာ ရေရှည်တွင် ဆက်လက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

“ပုံမှန် မရောင်းရဘူး၊ တခါတလေ ရောင်းရပေမယ့် တခါတလေကျ တစောင်မှ မရောင်းရဘူး၊ ရေရှည်ဆိုရင်တော့ ဂျာနယ် က အရောင်းပါး သွား နိုင်တယ်၊ သတင်းစာက ဈေးလည်း သက်သာတယ်လေ”ဟု သတင်းစာနှင့် ဂျာနယ်ရောင်းချသူ လမ်းဘေးဈေးသည် တစ်ဦးက ဆို သည်။

ယခုချိန်ထိ မည်မျှပိုရောင်းရသည်ဟု သတ်မှတ်နိုင်ခြင်း မရှိဘဲ သတင်းစာများမှာ ရောင်းအား အတက်အကျ မြန်ပြီး ဂျာနယ်များမှာ ယခင်က အတိုင်း ရောင်းအား တည်ငြိမ်ကြောင်း၊ သို့သော်လည်း ရေရှည်တွင် သတင်းစာများ ပိုမိုထွက်ရှိလာပါက ဂျာနယ်များ၏ ကဏ္ဍကျဆင်း သွား နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ဂျာနယ်များ၏ အရေးအသားမှာ သတင်းစာများ၏ အရေးအသားနှင့် ကွာခြားမှု မရှိခြင်းကြောင့် ရောင်းအားကွာဟမှု မရှိ သော်လည်း ရေရှည်တွင် သတင်းစာများ၏ ဈေးနှုန်းသက်သာခြင်းနှင့် သတင်းလျှင်မြန်ခြင်းကြောင့် ဂျာနယ်များအနေဖြင့် သတင်းဆောင်းပါး အရေးအသားဘက်သို့ ပိုမိုအသားပေး ရေးလာနိုင်ကြောင်း၊ လက်ရှိ ရောင်းချနေရမှုများအရ အချို့ သတင်းစာများမှာ ငွေကြေးတောင့်တင်းမှု မရှိပါက ကြာရှည်ရပ်တည်နိုင်ရန် လွယ်ကူမည်နိုင်မည် မဟုတ်ဟု ယူဆရကြောင်း စာဖတ်သူတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောကြားသည်။

ယနေ့အချိန်ထိ သတင်းစာ ထွက်ရှိသည့် သတင်းစာများမှာ ဧပြီလ ၁ ရက်နေ့မှ စတင်၍ နေ့စဉ်ထုတ် သတင်းစာေ
လးစောင် ထုတ်ဝေခဲ့ပြီး ထပ်မံထွက်ရှိသည့် နေ့စဉ်ထုတ် သတင်းစာများ အပါအဝင် ယခုအချိန်ထိ ပုဂ္ဂလိက သတင်းစာစောင်ရေ ၇စောင် ဈေးကွက်တွင်း ထွက်ရှိနေပြီ ဖြစ်သည်။

မြန်မာ့ခေတ် , Rangonnewsdaily
RND:  :4.5.2013

No comments:

Post a Comment