Pages

Pages - Menu

Wednesday, April 10, 2013

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ကျေးရွာအချို့တွင် အရေပြားတွင် မိတ်ဖုနှင့် အရေပြားဖုများ ဖြစ်ပွားနေ

ရာသီဥတု ပူပြင်းသောကြောင့် ကလေးငယ်များ၏ ခန္ဓာကိုယ်၌ မိတ်ဖုနှင့် ယားနာများ ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ကျေးရွာအချို့တွင် အပူချိန်မြင့်တက်သောကြောင့် အရေပြားတွင် မိတ်ဖုနှင့် အရေပြားဖုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ “အဖုကလေးတွေ ထွက်တယ်။ ကုတ်ရင်လည်း ယားတယ်။ တခြားရွာတွေမှာလည်း တော်တော်များများဖြစ်ကြတယ်။ ပြီးတော့ ဖျားတဲ့ကလေးတွေလည်း ရှိတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ဆည်ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်နိုင်က ပြောသည်။

ယခုအချိန်သည် အပူလွန်ကဲသော ရာသီဥတုဖြစ်၍ ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးမှုကြောင့် အပူဖုနှင့် ယားနာဖုများ ထွက်ရှိတတ်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

“မိတ်ဖုလို့ပြောပေမယ့် မိတ်ဖုထက်လည်း ကြီးတယ်။ အဖုထဲမှာအရည်တော့မရှိဘူး။ အများကြီးပေါက်ပြီး ကုတ်ရလွန်းလို့ တချို့ အိပ်မရဘူး။ ဖျားတဲ့လူတွေလည်း ဖျားတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ မြို့ခံတစ်ဦးကပြောသည်။ ထိုဒေသတွင် အပူချိန်မှာ ယခင်နှစ်များထက် ပြင်းထန်နေသည်။

“ဒီနှစ်က မနှစ်ကထက် ပိုပူတယ်။ အိမ်က ကလေးတွေဆို ယားနာဖုတွေ ထွက်လာတယ်” ဟု မကွေးမြို့မှလုပ်ငန်းရှင်တစ်ဦး က ပြောသည်။

အပူချိန်လွန်ကဲမှုကြောင့် မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးအ၀တ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ပေးရန်နှင့် ချွေးထွက်လွန်ပါက ဓာတ်ဆားရည်သောက်ရန် လိုအပ်ပြီး အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ကြောင်း၊ သို့ရာတွင် ကလေးငယ်များ ဖျားနာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်ဟု အထူးကုဆရာဝန်တစ်ဦးက အကြံပြုပြောကြားသည်။

နွေရာသီကာလတစ်လျှောက်လုံး အပူချိန် ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားပြီး ယခုနှစ် နွေရာသီတွင် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း၊ ကျန်ဒေသများတွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အပူဒဏ်ပိုမိုခံစားရနိုင်သည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောကြားထားသည်။
7ays News, Rangonnewsdaily
RND:10.4.2013

No comments:

Post a Comment