Pages

Pages - Menu

Sunday, April 14, 2013

အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခြိမ်းခြောက်ပြောဆိုမှုအပေါ် အဆင့်ဆင့် တရားဝင် တိုင်ကြားမည်

၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နေ (၃) နာရီခန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်မှ မန္တလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအား နှုတ်ဖြင့် ဖိတ်ခေါ်ခဲ့၍ မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင် အစ္စလာမ်ဘာသာရေးအဖွဲ့မှ အဖွဲ့ခါင်းဆောင်များအပါအ၀င် (၁၀) ဦး ရောက်ရှိခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ အမည်ခေါင်းစဉ်မရှိသည့် အဆိုပါခေါ်ယူမှုတွင် တိုင်းအဆင့် ဌာနဆိုင်ရာ အရာရှိများလည်း တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်မှ တက်ရောက်လာသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအား အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများရှေ့မှောက်တွင် ပြင်းထန် ရင့်သီးသော စကားများနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးရဲမြင့်မှ မိတ္ထီလာကိစ္စသည် မွတ်စလင်မ်များဘက်ကစ၍ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေဆိုင်ပြဿနာတွင် စော်ကားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ဘုန်းကြီးအား ကြက်ကလေး ငှက်ကလေးကဲ့သို့ လမ်းဘေးတွင် သတ်လိုက်၍ ဖြစ်ကြောင်း၊ ကလေးတွေမှ ဗုဒ္ဓဘာသာဝင်တွေရဲ့သွေးနဲ့ခြေဆေးမယ်လို့ ဟစ်အော်ခြင်းကြောင့် သေကုန်ခြင်း ဖြစ်ကြောင်း၊ မွတ်စလင်မ်များဟာ အစွန်းရောက်ကြောင်း၊ ပုံကြီးချဲ့နေခြင်းကြောင့် အခြားမြို့များသို့ ကူးစက်လာခြင်းဖြစ်ကြောင်း၊ မြို့များတွင် မတည်မငြိမ်ဖြစ်နေရခြင်းမှာ မွတ်စလင်မ်များမှ ကောလဟလ သတင်းများ ထုတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ဗလီအား မွတ်စလင်မ်များမှ အသေခံ ဗုံးဝင်ခွဲ၍ ဗုဒ္ဓဘာသာဝင်များအပေါ် အပြစ်ပုံချကြအုံးမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင်လည်း ၎င်းမှ ရိက္ခာအလုံအလောက် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များနှင့် သံဃာများအား မွတ်စလင်မ်များမှ အပြစ်မြင်ဆဲ ဖြစ်ကြောင်း အစရှိသည်များအား ပြောကြားခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်း သိရှိရပါတယ်။

၎င်းဦးရဲမြင့်၏ ခေါ်ဆိုမှုအား တက်ရောက်ခဲ့သည့် ခေါင်းဆောင်များမှ အစိုရအနေဖြင့် အကြမ်းဖက်မှုများကြောင့် နစ်နာခဲ့ကြရသော မွတ်စလင်မ်များ၊ သေဆုံးခဲ့သည့် မွတ်စလင်မ်များနှင့် အကြမ်းဖက်မှုကို မလိုလားသော ဗုဒ္ဓဘာသာဝင်များအကြား ကြားဝင်စေ့စပ်ခြင်း၊ နှစ်သိမ့်ခြင်းများပြုလုပ်ပြီး လိုအပ်သည်များအား အစိုးရဘက်မှ တာဝန်ယူပေးမည်ဟု ထင်မြင်ယူခဲ့ပြီး တက်ရောက်ခဲ့ကြသော်လည်း ယနေ့ အင်တာနက်တွင် ပျံ့နှံ့နေသည့် 969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူ၏ အကြမ်းဖက်စကားများအား ရုံးတွင် မွတ်စလင်မ်များသိရှိစေရန် ခေါ်ယူပြောဆိုလိုက်သကဲ့သို့သာ ဖြစ်နေကြောင်း တက်ရောက်ခဲ့သည့် မွတ်စလင်မ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

`သခင်လေးက သူ့ပြောဆိုချက်တွေကို ပြန်လည် ရှင်းပြပါတယ်။ မွတ်စလင်မ်များဟာ အစွန်းမရောက်ကြပါကြောင်း။ ကလေးများ အော်တယ်ဆိုတဲ့အသံဟာ ဘုရားရှင်ကို တမ်းတနေခြင်းသာ ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ပြောသလို မဟုတ်ကြောင်း။ (မြန်မာ)မွတ်စလင်မ်များဟာ အကြမ်းဖက်မှုတွေကို ကျူးလွန်မှာလည်း မဟုတ်ကြောင်း ပြောဆိုနေတုံးမှာ ဦးရဲမြင့်က ထပြောတယ်။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့်မပေးနိုင်ဘူးလို့ပြောနေတာကို ဦးသိန်းဝင်းအောင်က ဆက်ပြောတယ်။ အခု ဥပုဒ်လဟာလည်း နီးလာနေပါပြီ။ မွတ်စလင်မ်များအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးဖို့၊ ဗလီတွေကိစ္စ အစရှိတာတွေ ဆက်ပြောပါတယ်။ မွတ်စလင်မ်တွေကို အကြမ်းဖက်သမားလို့ ထင်နေတာလည်း မှားယွင်းကြောင်း၊ ကလေးတွေကိုလဲ ဒီလို ထင်နေတာ မဟုတ်မှန်ကြောင်း၊ ကလေးတွေနဲ့ အင်တာဗျူးထားတဲ့ မှတ်တမ်းအပြည့်အစုံလဲ လက်ဝယ်ရှိကြောင်း ဒါတွေကို ဆက်ပြောတော့ ဦးရဲမြင့်က ထပ်မပြောနဲ့တော့လို့ဆိုပြီး ငေါက်ပါတယ်။ ခင်ဗျား ဘာကိုရည်ရွယ်နေတယ်ဆိုတာ သိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်တယ့်မယ်ဆိုတာ သိတယ်လို့ပြောတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ဦးသိန်းဝင်းအောင်လဲ ပြန်ရှင်းပြတာကို တစ်ခုခုဖြစ်လာရင် ခင်ဗျားတရားခံပဲ။ ဖြစ်ရင်ကြည့်ထား ခင်ဗျားကို အရင်ဖမ်းချုပ်မယ်။´ ဟု ၀န်ကြီးချုပ် ခေါ်ယူမှုအား လက်ခံတက်ရောက်ခဲ့သူ ဦးမောင်မောင်မှ အလင်းမျက်ဝန်းသို့ ပြောပြသွားတာပါ။

ဦးရဲမြင့်မှ ပြောကြားချက်အဆုံး၌ `ကျုပ်တို့အစိုးရ ခင်ဗျားတို့ကို ဘာဆက်လုပ်မယ်ဆိုတာ ကြည့်ထား။ လုပ်ပြမယ်´လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် ခေါင်းဆောင်တစ်ဦးမှ ပြောပါတယ်။

ယင်းသို့ တိုင်းဒေသကြီးတစ်ခုရဲ့ အမြင့်ဆုံးရာထူးတာဝန်ကို ရယူထားသူတစ်ဦးအနေဖြင့် ပြောဆိုခဲ့ခြင်းကြောင့် ရှေ့ကနွားလား အသွားမှားက နောက်ကနွားများ မှားကြမည်ဆိုသလို ၎င်း၏ လုပ်ရပ်များအား ကျန် ဌာနဆိုင်ရာ ၀န်ထမ်းများမှ အတုမြင် အတတ်သင်ဆိုသလို ဖြစ်သွားနိုင်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နေသူ သမ္မတဦးသိန်းစိန်အနေဖြင့် ဤကဲ့သို့ အောက်တန်းကျသည့် နောက်ကြောင်းပြန်လှည့်ချင်သည့် ဦးရဲမြင့်ကဲ့သို့သော ၀န်ထမ်းများကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်စရာဖြစ်နိုင်ကြောင်း၊ ၎င်းတို့ ရှိနေပါက အဖတ်ဆည်မရအောင် မြန်မာ့သိက္ခာများ ဆက်လက် ကျဆင်းနေရအုံးမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓသိက္ခာမှာ ညှိုးနွမ်းနေကြမည်ဖြစ်ကြောင်း၊ တဖြည်းဖြည်းနှင့် ဗုဒ္ဓဘာသာမှာ ကွယ်ပျောက်သွားတော့မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထောက်ပြကြပါတယ်။

အစိုးရအဖွဲ့၏ အမြင့်ဆုံး ရာထူးရှင်တစ်ဦး၏ လုပ်ရပ်အပေါ် နိုင်ငံတော်သမ္မတနဲ့ တာဝန်ရှိသူတွေဆီကို တရားဝင် တိုင်ကြားသွားမှာဖြစ်ကြောင်း တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် မြန်မာမွတ်စလင်မ်ခေါင်းဆောင် ဦးမောင်မောင်မှ ယခုလို ပြောပြါတယ်။

`ဒီကိစ္စကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်တွေဆီကို တရားဝင် သတင်းပေးပို့ပြီး တိုင်ကြား ကန့်ကွက်သွားပါမယ်။ အမြန်ဆုံး လုပ်ဆောင်မှာပါ။ စီစဉ်နေပါတယ်။´

ယင်း ၀န်ကြီးချုပ် ဦးရဲမြင့်မှာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်၏ လက်ရင်းတပည့်တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်၏ အတွင်းပြောဆိုချက်သတင်းများအား ပြိုင်ဘက် စစ်ခေါင်းဆောင်များထံ သူလျှိုအဖြစ် အမာခံ သတင်းပေးခဲ့ပြီးနောက်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေး အရာရှိများ အသီးသီး ရာထူးပြုတ်၊ ၀ရမ်းပြေးနှင့် အကျဉ်းချခံခဲ့ကြရပြီးနောက်ပိုင်း ကျန်ရှိခဲ့သည့် တစ်ဦးတည်းသော စစ်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ထောက်လှမ်းရေးနေရာတွင် အစားထိုး ဖွဲ့စည်းခဲ့သော တပ်မတော် စအဖ အဖွဲ့၏ အမြင့်ဆုံးရာထူးအား ရယူခဲ့သူဖြစ်ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောပြပါတယ်။

လက်ရှိ မြန်မာပြည်တွင်းဖြစ်ပေါ်နေသော ဘာသာရေး အကြမ်းဖက်မှု အဖြစ်အပျက်များတွင် တပ်မတော် စအဖ အဖွဲ့ဝင်များမှ ဦးဆောင်နေသည်ဟု ၀န်ထမ်းအသိုင်းအ၀ိုင်းကို ကိုးကား၍ သတင်းများပေါ်ထွက်လာပြီးနောက်ပိုင်း စအဖ အကြီးအကဲဟောင်း ဗိုလ်ချုပ်ရဲမြင့်မှ ယခုလို အစ္စလာမ် ဘာသာဝင်ခေါင်းဆောင်များအား ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

မိတ္ထီလာ၌ ရဲတပ်ဖွဲ့များမှ အခြေအနေကို အချိန်မီ ထိန်းသိမ်းလိုသော်လည်း ၀န်ကြီးချုပ်မှ အကြမ်းဖက်မှု ကျူးလွန်သူများအား တုတ်ဖြင့်တောင် မရွယ်ကြရန် အမိန့်ပေးထားကြောင်းနဲ့ သမ္မတရုံးမှ ဦးရဲမြင့်အပေါ် မိတ္ထီလာဖြစ်ရပ်အတွက် ထုချေလွှာအား ရက်ပိုင်းအတွင်း တင်ပြရန် အမိန့်ပေးခံရ၍ နဂိုကတည်းက မုန်းတီးနေသည့် အစ္စလာမ်ဘာသာဝင်များအား စိတ်ထွက်ပေါက်အတွက် ခေါ်ယူ ငေါက်ငမ်းလိုက်ခြင်းဖြစ်ကြောင်း သီးခြားအတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေပါတယ်။
 
Rangonnewsdaily
RND:14.4.2013

No comments:

Post a Comment