Pages

Pages - Menu

Wednesday, April 24, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိမည်

Wednesday,April24,2013

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘရူးနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန် တွင် ရောက်ရှိမည် ဖြစ်ကြောင်းဘရူးနိုင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ကြောင်း ဘရူးနိုင်ငံသို့ သတင်းရယူရန် ရောက်ရှိနေသော Eleven Media Group မှ ကိုနေထွန်းနိုင်က သတင်းပေးပို့ခဲ့ပါသည်။
သမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီတွင် အထူးလေယာဉ်ဖြင့် ဘရူးနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန်မြို့သို့ ရောက်ရှိမည် ဖြစ်ကာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် ဧပြီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဘရူးနိုင်နိုင်ငံ ၀န်ကြီးချုပ်ရုံး၌ ပြုလုပ်မည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အာဆီယံ ခေါင်းဆောင်များ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကာ
ဧပြီလ ၂၅ ရက်နေ့တွင် နံနက်ပိုင်းတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ပါသည်။

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည် သုံးသပ်ခြင်းနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်အချို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်အရေး၊ မြောက်ကိုရီးယား ကိစ္စအပါအ၀င် ဒေသတွင်း လုံခြုံရေး ကိစ္စတို့ကို ဆွေးနွေးမည့်အပြင် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် နှစ်ဖက် အပြန်အလှန် အကျိုးရှိစေရေး ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဧပြီလ ၂၅ ရက်နေ့တွင် (၉) ကြိမ်မြောက် BIMP-EAGA အစည်းအဝေး ပြုလုပ်မည် ဖြစ်ပြီး ထိုအစည်းအဝေးတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်မှ အာဆီယံ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့အတူ (၇) ကြိမ်မြောက် IMT-GT အစည်းအဝေးကိုလည်း ဧပြီလ ၂၅ ရက်နေ့၌ ပင်ပြုလုပ်မည် ဖြစ်ကာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နိုင်ငံမှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်မှ လွဲ၍ ကျန်ရှိသော အာဆီယံ နိုင်ငံများမှ သမ္မတများ၊ ၀န်ကြီးချုပ်များ တက်ရောက်မည် ဖြစ်သည်။

အရေးကြီး အကြောင်းအရာများ ပါဝင်ခြင်း မရှိဘဲ လုပ်ရိုးလုပ်စဉ်အနေဖြင့် ပြုလုပ်သော (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို ဘရူနိုင်း နိုင်ငံက တာဝန်ယူ ခဲ့ပြီးနောက် ပထမဆုံး ပြုလုပ်သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖြစ်သည်။

ဘရူနိုင်း နိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်ကလည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့ပြီး (၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့ပါသည်။

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတကာ သတင်းထောက် ၂၀၀ ကျော်နှင့် ဘရူနိုင်း သတင်းထောက် ၁၀၀ ကျော် စုစုပေါင်း သတင်းထောက် ၃၀၀ ကျော် တက်ရောက် သတင်းရယူလျက် ရှိပါသည်။

Eleven Media group:, Rangonnewsdaily
RND:  :24.4.2013 

No comments:

Post a Comment