Pages

Pages - Menu

Monday, April 8, 2013

မြန်မာ-ထိုင်း နယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်မတော်သား ၁၃ ဦးကို ပြန်လည်တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းလိုက်ကြောင်း သိရသည်။ ဖြစ်ရပ်မှန်မှာ ခမရ ၅၉၂ တပ်ရင်းမှ မြန်မာတပ်မတော်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့်အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများအဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာတပ်မတော်က ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"နားလည်မှု လွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပျောက်ဆုံးနေခဲ့သော တပ်မတော်သား ၁၃ ဦးကို မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီဖြစ်ကြောင်း ထိုင်းနယ်စပ် လုံခြုံရေးတာဝန် ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။

ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦးအနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။

မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။ သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichu-kchaikul က ဧပြီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို တရားမ၀င် ခိုးဝင်မှုဖြင့်ဖမ်းဆီးခဲ့သည့်ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်းနယ်စပ်တွင် ဖြစ်သည်။

ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

Ref:The Nation, Eleven Media Group, Rangonnewsdaily
RND:8.4.2013

No comments:

Post a Comment