ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်
ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု
နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏
သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင်
မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး
ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ်
သဘောမေးမြန်းခဲ့ကြပါသည်။ အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က
လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က
တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့
ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့
တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ဗလီများဟာ
တရားမ၀င် ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ
အတည်ပြုနိုင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ
ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ်စလမ်ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။
ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့
သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ
ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ
ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊
ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွင့်ပြုခြင်းကိုသာသနာရေးဌာနက
လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ်လို့ကျွန်တော်တို့ဌာနကို တင်ပြလာတဲ့အခါ
ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း
ဆောက်လုပ်ပြုပြင်သည့်အခါ
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏
လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်”
လို့သာ ပေးရပါတယ်။
ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊
ဘုန်းတော်ကြီးကျောင်းများနှင့်ပတ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့
လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။
ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့ မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့
လိုအပ်လာရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီတို့ကိုသာ တင်ပြဆောင်ရွက်ကြရပါတယ်။
ဒါကြောင့်
ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို
တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့
သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရခွင့်ပြုထားခြင်းမရှိပါ
လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါတယ်။
အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို
သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ
တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။
ဒီလိုဖော်ပြချက်ကြောင့်အများကြီးအထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို
သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာဆွဲကောက်နှုတ်ပြီးသတင်းအဖြစ်သုံးသပ်တင်ပြခြင်းဟာသတင်းကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့သဘောဖြစ်တဲ့အပြင်ကျွန်တော်တို့ဌာနဆိုင်ရာတာဝန်ရှိသူများမှာလည်း
ဝန်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့
အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ်
မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
ှSource: Ko Win Naing
https://www.facebook.com/goldenwinnaing/posts/450631578349044
M-Media, Rangonnewsdaily
RND:5.4.2013
No comments:
Post a Comment