Pages

Pages - Menu

Wednesday, March 13, 2013

အီတလီနိုင်ငံ ရောမမြို့က ပုပ်ရဟန်းမင်းသစ် ရွေးချယ်မှု နောက်တရက်ဆက်

RND:  :13.3.2013 

 ရိုမန်ကတ်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ ဗာတီကန် သာသနာမြို့တော် မှာ
 ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန် လည်တွေ့ဆုံနေကြပြီးတော့ လွန်ခဲ့တဲ့လတုန်းက အနားယူသွားခဲ့တဲ့ ပုပ်ရဟန်း
မင်းကြီး Benedict ရဲ့နေရာကို ဆက်ခံမယ့်သူကို ရွေး ချယ်တင်မြှောက်ဖို့အတွက် ဒုတိယအကြိမ် ကြိုးပမ်း
နေကြပြီ ဖြစ်ပါတယ်။ ဒီပုပ်ရဟန်းမင်းသစ် ရွေးချယ်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တချို့ကို ဒေါ်
လှလှသန်း က တင်ပြထားပါတယ်။
ရိုမန်ကတ်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၁၅ ပါးဟာ အင်္ဂါနေ့က ရောမမြို့ရှိ ဗာတီကန် သာသနာ့မြို့
တော် Sistine ဘုရားရှိခိုးကျောင်းမှာ တွေ့ဆုံကြပြီး ကျန်းမာရေးကြောင့် အနားယူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ နေရာမှာ အစားထိုးမယ့် ပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ခဲ့ကြပေမဲ့ ပထမနေ့မှာတော့ နောက်တက်
မယ့် ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။


ဘုရားရှိခိုးကျောင်း ခေါင်မိုးရဲ့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးမဲ ထွက်ပေါ် လာတာကို မိုးရွာကြီး ထဲ စောင့်နေ
ကြတဲ့ ကတ်သလစ်ဘာသာဝင်တွေက တွေ့ရှိခဲ့ကြတာပါ။ မီးခိုးမဲ ထွက်ပေါ်လာတဲ့ အဓိပ္ပါယ်ကတော့ ပုပ်ရ
ဟန်းမင်းကြီး ရွေးချယ်နိုင်ခြင်း အထမမြောက်တဲ့ သဘောပါပဲ။


အခုလို ပထမဦးဆုံးနေ့ ကြိုးပမ်းမှုမှာ ရွေးချယ်နိုင်ခြင်း မရှိခဲ့တာကတော့ အဆန်းမဟုတ်ပါဘူး။ ကတ်သလစ်
ဂိုဏ်းချုပ်ပေါင်း ၁၁၅ ပါးထဲကထောက်ခံမဲ သုံးပုံ နှစ်ပုံ (ဒါမှမဟုတ်) ၇၇ မဲ ရရှိမှ ရွေးချယ်မှုကို အတည်ပြုနိုင်
မှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်မှုကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

ဒါကြောင့် ရွေးချယ်မှုကို ဘယ်လို ပြုလုပ်သလဲဆိုတာကို သိရှိနိုင်ဖို့ Kansas ပြည်နယ် Wichita မြို့ရှိ Sacred Heart ဘုရားရှိခိုးကျောင်းမှာRev. Stephen M Thapwa ကို မေးကြည့်ခဲ့ပါတယ်။


“ပုပ်ရဟန်းမင်းကို ရွေးတာက အခုဆိုရင် နှစ်ပေါင်း ထောင်ကျော်ပြီပေါ့လေ။ ၂၀၀၀ နီးပါးလောက်ရှိပြီဆို
ပါတော့။ အဲ့ဒါကြောင့် အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဟိုးအရင်တုန်းကဆိုရင် ဘုရင်တွေ၊ မင်းတွေ၊ သမ္မတတွေ စသည်အားဖြင့်လေ ကြိုးဆွဲကြတယ်။ အဲ့ဒါမျိုးတွေက သာသနာအတွက်က မကောင်းဘူးလေ။ အဲ့ဒါကြောင့် အဲ့လိုဖြစ်ရပ်အတွက်ကြောင့် အခန်းထဲမှာပဲ သူတို့ အပြင်နဲ့ ဘာမှ အဆက်အသွယ် မရှိအောင် လုပ်ထားပြီးတော့ရွေးကောက်ပွဲ ကို သူတို့ စီစဉ်ကြတာ။

 ရွေးကောက်ပွဲကို ၀င်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ ကာဒီနယ်ဖြစ်တယ်။ သက်တော်ကလည်း ၈၀ ထက် မကြီးရဘူး။ သူတို့က ၈၀ အောက်ပဲရမယ်လို့ သူတို့ ရွေးတဲ့အခါ မှာလည်း သူတို့က ပြင်ဆင်တဲ့နေရာမှာ အဲ့ဒီ
အခန်းထဲကို မ၀င်ခင်မှာလည်း ကာဒီနယ် အချင်းချင်းတွေ တိုင်ပင်ကြတာပေါ့လေ သာသနာအတွက် ဘာ
လိုမလဲ။ သာသနာအတွင်းမှာရှိတဲ့ အဖြစ်အပျက်တွေအားလုံးကို ဆွေးနွေးကြပြီးတော့မှ ဘယ်လို ပုဂ္ဂိုလ်
မျိုးဆိုရင် ပိုပြီးတော့ သင့်တော်မယ်ဆိုတာကို တယောက်ကိုတယောက် အကြံပေးကြတာတွေ ရှိပါတယ်။ အဲ့ဒါပြီးတော့မှ အခန်းထဲကို ၀င်သွားပြီ။ အခန်းထဲဝင်သွား ပြီးတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ဘယ်
သူမှ မသိတော့ဘူး။”


မေး။ ။ သူတို့မဲပေးတဲ့ စနစ်ကပေါ့နော် ပထမတရက်ကတော့ မဲ တကြိမ်ပဲပေးတယ်။ ဒုတိယရက်ကျတော့ မဲလေးကြိမ်ပေါ့။ မနက်ကို နှစ်ကြိမ်၊ ညနေကို နှစ်ကြိမ် အဲ့ဒီလို မဲပေးတဲ့ ဖြစ် စဉ်လေးကိုလည်း နည်းနည်း
လောက် ရှင်းပြပေးပါ။


“မဲပေးတာကတော့ တပါးနဲ့တပါး ဘာမဲပေးတယ်ဆိုတာကို နာမည်တွေ ခေါ်မှာပေါ့နော်။ မဲစာရွက်ကို နာ
မည်ရေးပြီးတော့ သူတို့ ခေါက်လိုက်တယ်။ ခေါက်ပြီးတော့မှ ဖလားထဲကို ထည့်ပြီးတော့ ပုလ္လင်တော်ပေါ်မှာ သွားတင်ထားတယ်။ အဲ့တော့မှ တာဝန်ပေးထားတဲ့ ကာဒီနယ် သုံးပါးကနေပြီးတော့ တပါးက ဖတ်တယ်။
 နောက်နှစ်ပါးကလည်း သူ ဖတ်တဲ့နာမည် ဟုတ်လား မဟုတ်လား ဆိုတာကို စစ်တယ်။ သုံးပါးက ဖတ်ရတာ
ပေါ့လေ။ အဲ့ဒီလို ဖတ်တဲ့အခါမှာ မှတ်တဲ့ ကာဒီနယ်လည်း ရှိတယ်။ အဲ့ဒီထဲမှာ သုံးပုံ နှစ်ပုံ မဲ ရပြီဆိုမှ သူက အဲ့ဒီ မဲရတဲ့ ကာဒီနယ်ကို သွားပြီးတော့ မေးတယ်။ လက်ခံသလားလို့ သွားပြီးတော့ မေးတယ်။

အဲ့ဒီ ကာဒီနယ်က လက်ခံပြီဆိုမှ သူ လက်ခံပြီလို့ ပြောလိုက်တာနဲ့ တပြိုင်တည်းပဲ ပုပ်ရဟန်းမင်းကြီး ဖြစ်
သွားတယ်။”


မေး။ ။ ရဟန်းမင်းကြီးဖြစ်ပြီလို့ ဆုံးဖြတ်ချက် ကျလာတဲ့ အခါကျတော့ အပြင်မှာ စောင့်နေ တဲ့ ကတ်သလစ် ၀တ်ပြုဆုတောင်းတဲ့ ပရိသတ်တွေကို အသိပေးတဲ့နေရာမှာ မီးခိုးအရောင် နဲ့ပေါ့နော် အသိပေးတယ်ဆိုတဲ့ အခါကျတော့ အဲ့ဒီ ဖြစ်စဉ်ကရော ဘယ်လို လုပ်ပါသလဲရှင့်။


“မီးခိုးက သူတို့ မဲ တခါ ရွေးလာပြီဆိုရင် အဲ့ဒီမဲက မအောင်မြင်သေးဘူး မရသေးဘူးဆိုရင် အဲ့ဒီမဲကို သူတို့ မီးရှို့တယ်။ မီးခိုးကို အမဲထွက်အောင် ရှို့ပြီးတော့ လိုအပ်တဲ့ ဓာတုဗေဒ ပစ္စည်းတခုခု ထည့်ပြီးတော့ သူတို့ မီးရှို့တယ်။ အကယ်၍ အောင်မြင်တဲ့ အခါကျရင် ရဟန်းမင်းကြီး ရပြီလို့ ဆိုခဲ့လို့ရှိရင် ရတဲ့မဲကိုလည်း သူတို့ မီးရှို့တဲ့အခါမှာ မီးခိုးက အဖြူရောင် ထွက်အောင်လို့ ဓာတုဗေဒ ပစ္စည်းတခုခု ထည့်ပြီးတော့ သူတို့ မီးရှို
့တာ။”


မေး။ ။ အဲ့ဒါပြီးတဲ့အခါကျတော့ အပြင်ထွက်ပြီးတော့ -


“အဲ့ဒါပြီးတဲ့အခါကျတော့ အရွေးခံရတဲ့ ကာဒီနယ်က ရဟန်းမင်းကြီးရဲ့ ၀တ်ရုံ အဖြူပေါ့လေ သွားဝတ်ရမယ်။ အဆင်သင့်လုပ်ထားတာကတော့ small, medium နဲ့ large နဲ့ အဆင်သင့် လုပ်ထားတယ်။ သူနဲ့ အတော်ဆုံး
ဥစ္စာကို သွားဝတ်မယ်။ သွားဝတ်ပြီးတော့မှ လူတွေကို သွားပြီးတော့ မိတ်ဆက်တဲ့အနေနဲ့ ပြတင်းပေါက်
ကနေ သူ ပြမယ်။ မပြခင်မှာ ကာဒီနယ်တပါး ကနေပြီးတော့ ကြော်ငြာတယ်လေ။ ပုပ်ရဟန်းမင်းကြီး ရပြီဆို
တဲ့အကြောင်းကို အဲ့ဒါပြီးတော့မှသူကိုယ်တိုင်ထွက်လာပြီးမှလူတွေကိုထုံးစံအတိုင်းက ကောင်းချီးလောက်
ပဲ သူတို့ပေးတယ်။ pope the second လက်ထက်ကတည်းက စကားတွေ ဘာတွေ မိန့်ခွန်းတွေ ဘာတွေ ပေး
သေး တယ်။”


မေး။ ။ အခု ဒီရွေးချယ်မှုကိုလည်း တကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆို တော့ လူတွေကတော့ ဟော
ကိန်း ထုတ်နေကြတာတွေတော့ အမျိုးမျိုး ထွက်ပေါ်လာနေ တယ်လေ။ အမေရိကားကလည်း ကာဒီနယ် နှစ်
ပါးပေါ့။ နောက်တော့ အာဖရိကရော၊ နောက် အမေရိကားတောင်ပိုင်းရောပေါ့နော်။ Father တို့အနေနဲ့က
ရော။


“ကျနော့်အနေနဲ့ကတော့ အမေရိကန်နှစ်ပါးကတော့ ဦးဆောင်တဲ့နေရာမှာ ပြတ်ပြတ်သားသား ဦးဆောင်
တာတွေ တွေ့ခဲ့တယ်။ ဘယ်သူရမယ် ဆိုတာတော့ ကျနော့် စိတ်ထဲမှာ ဘာမှ မထား ဘူးလေ။ ဘုရားပေးတာ ရမှာပဲ ဆိုပြီးတော့ပဲ စိတ်ထဲမှာ ထားတယ်။”


ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်မှုနဲ့ပတ်သက်လို့ Kansas ပြည်နယ် Wichita မြို့ရှိ Sacred Heart ဘုရားရှိခိုး
ကျောင်းမှာ Rev. Stephen M Thapwa ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါ တယ်ရှင်။ 


ဗွီအိုအေ
Rangonnewsdaily

No comments:

Post a Comment