Pages

Pages - Menu

Sunday, February 17, 2013

အဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာကြောင်း Facebook ထုတ်ပြန်

မကြာသေးခင် ရက်သတ္တပတ်များအတွင်း Facebook ၀န်ထမ်းများ၏ လက်တော့များကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့ကြကြောင်း Facebook က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့နံပတ်တစ် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ကုမ္ပဏီသည် အဆင့်မြင့်ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ဓားစာခံ ဖြစ်လာခဲ့သည်။
Facebook ၀န်ထမ်းတစ်စုသည် ပြီးခဲ့သည့်လက ၀က်ဘ်ဆိုက်တစ်ခုကို ၀င်ရောက်ကြည့်ရှုခဲ့ပြီးနောက် ၎င်းတို့၏ ကွန်ပျူတာများတွင် ဗိုင်းရပ်စ်ဆော့ဖ်ဝဲတစ်မျိုး ကူးစက်ခဲ့ကြောင်း အသုံးပြုသူများ၏ အချက်အလက်များ ကူးယူခံရခြင်း မရှိခဲ့ကြောင်း Facebook ၏ တရားဝင်ဘလော့တွင် ဖော်ပြခဲ့သည်။ 
 
"ဗိုင်းရပ်စ်ရှိနေတယ်ဆိုတာ သိသိချင်းပဲ အဲဒီစက်တွေကို ဗိုင်းရပ်စ်ကင်းစင်အောင် လုပ်ခဲ့ပြီး ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆောင်ရွက်နေခဲ့ပါတယ်" ဟု Facebook က ပြောကြားခဲ့သည်။
 
 ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကြေညာရန် နှောင့်နှေးနေခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မသိရဘဲ တိုက်ခိုက်မှု၏ အကြောင်းအရင်းနှင့် ဇာစ်မြစ်ကို မှတ်ချက်ပေးရန် Facebook က ငြင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျွမ်းဝင်သည့် အခြားကုမ္ပဏီတစ်ခုမှ လုံခြုံရေးကျွမ်းကျင်သူ တစ်ဦးကမူ Facebook ကို တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ အစပြုခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ 
 
လူမှုကွန်ရက် ၀က်ဘ်ဆိုက် Twitter ကို ယခုလ အစောပိုင်းက တိုက်ခိုက်ခံခဲ့ရရာ အသုံးပြုသူ ၂၅၀၀၀၀ ခန့်၏ အချက်အလက်များ ခိုးယူခံခဲ့ရသည်။
 
နယူးယောက်တိုင်းမ် ၀ါရှင်တန်ပို့စ်နှင့် ဝေါစရိဂျာနယ် အပါအ၀င် သတင်းစာ ၀က်ဘ်ဆိုက်များကိုလည်း တိုက်ခိုက်ခံခဲ့ရသည်။ တရုတ်နှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုများကို ပစ်မှတ်ထားကာ တရုတ်ဟက်ကာများက ယင်းသတင်း အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
 
Facebook သည် ယခုတိုက် ခိုက်မှုသည် ဆိုက်ဘာတိုက်ခိုက်မှုများတွင် အန္တရာယ်အကြီးဆုံးနှင့် အဆင့်မြင့်ဆုံး တိုက်ခိုက်မှု Zero-day attack အဖြစ် ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ကုန်ကျစရိတ်များပြားပြီး ဖော်ထုတ်သိရှိရန် ခက်ခဲကာ အစိုးရ၏ ပါဝင်ပတ်သက်မှုလည်း ရှိခဲ့သည်။ 
 
 Facebook အနေဖြင့် အချက်အလက်များ ခိုးယူခံခဲ့ရခြင်း မရှိကြောင်း ပြောကြားခဲ့သော်လည်း ယင်းဖြစ်ရပ်က Facebook အသုံးပြုသူများသည် ၎င်းတို့သိမ်းဆည်းထားသော ကိုယ်ရေးအချက်အလက်များ စိတ်ချလုံခြုံမှု မရှိခြင်းနှင့် သီးသန့်ရှိမှုကို စိုးရိမ်မှုများ မြင့်တက်လာစေနိုင်သည်။
 
RND:17.2.2013
EMG

No comments:

Post a Comment