အကျိုးပဲ ပေးနေတဲ့ ခန္ဓာကြီး ရ ထားတာဖြစ်လေတော့ ဘာကြောင့် အကောင်းမပေးဘဲ အကျိုးတွေ ပေးနေရပါလိမ့်မလဲဆိုတာ စက်ဝိုင်းအခြေခံဉာဏ်နဲ့ စိစစ်ကြည့်ကြမယ်။ စက်ဝိုင်းမှာ အကွက် (၁)နဲ့ (၂)ဆက်ထားတဲ့ မြားလေးက အတိတ်ဘ၀က စုတေလို့ ဟောဒီဘ၀ ခန္ဓာငါးပါးဖြစ်လာတယ်ဆိုတာ စပ်ပြတာ။ သင်္ခါရနဲ့ ၀ိညာဏ်အစပ်ပဲ။
ဒါဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်သွားပြီ။ အတိတ်က အ၀ိဇ္ဇာသင်္ခါရတွေမှားလိုက်တာနဲ့ ပစ္စုပ္ပန်ခန္ဓာငါးပါးရတယ်။ ရတဲ့ခန္ဓာက အကောင်းလားဆိုတော့ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ- ဒုက္ခသစ္စာပဲပေါ့။
အ၀ိဇ္ဇာခေါင်းဆောင်ပြီး လူဖြစ်ကြောင်း ကုသိုလ်တွေလုပ်၊ တဏှာနဲ့ဆုတောင်း၊ ဥပါဒါန်နဲ့ စွဲလန်း၊ ကာယကံ ၀စီကံတွေနဲ့ အားထုတ်ခဲ့တော့ သေပြီးနောက် ဟောဒီဘက်က ဒုက္ခသစ္စာ ခန္ဓာငါးပါးရလာတယ်။ အတိတ်ခေါင်းဆောင်ကြီးက အ၀ိဇ္ဇာဆိုတာ ရှင်းပြီ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ ဒီသမုဒယသစ္စာကြောင့် ဇာတိကစ ဇရာမရဏဆုံးတဲ့ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရတာ။
မသိတဲ့အ၀ိဇ္ဇာနဲ့ ကုသိုလ်တွေလုပ်ခဲ့လို့ လူ့ဘ၀ရခဲ့တာ။ မသိတာက အ၀ိဇ္ဇာ၊ လုပ်တာက သင်္ခါရ။ ကုသိုလ်လုပ်လဲ သင်္ခါရ၊ အကုသိုလ်လုပ်လဲ သင်္ခါရ။ ကုသိုလ်သင်္ခါရလုပ်မိရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ လူ့ခန္ဓာ နတ်ခန္ဓာရပါလိမ့်မယ်။
အကုသိုလ်သင်္ခါရလုပ်မယ်ဆိုရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ အပါယ်လေးပါးခန္ဓာဖြစ်မယ်။ ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်ရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ လူနတ် ဒုက္ခသစ္စာ။ အကုသိုလ်လုပ်ရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ဒုက္ခသစ္စာ။ ဒုက္ခသစ္စာချင်းတော့ အတူတူပဲ၊ ဒါပေမယ့် သုဂတိဒုက္ခသစ္စာနဲ့ ဒုဂ္ဂတိဒုက္ခသစ္စာ ကွာသွားတယ်။
ဒါဖြင့် အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ- လူ နတ် ဗြဟ္မာဆိုတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ရတယ်။ အ၀ိဇ္ဇာပစ္စယာ အပုညာဘိသင်္ခါရာ- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်လေးပါးခန္ဓာ။ လူ၊ နတ်၊ ဗြဟ္မာခန္ဓာလဲ ဒုက္ခသစ္စာ၊ အပါယ်ခန္ဓာလဲ ဒုက္ခသစ္စာ။ ဒါဖြင့် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာက နှစ်မျိုးရတယ်။ အပါယ်သွားအောင်လုပ်တဲ့ အ၀ိဇ္ဇာပစ္စယာသင်္ခါရာနဲ့ လူနတ်ဗြဟ္မာဖြစ်အောင်လုပ်တဲ့ အ၀ိဇ္ဇာပစ္စယာသင်္ခါရာ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာဟာ သမုဒယသစ္စာ။ ခန္ဓာမှန်သမျှက ဒုက္ခသစ္စာ။
ဘုံဘ၀တောင့်တပြီး ကုသိုလ်တွေလုပ်လို့ရှိရင် တောင့်တတာက တဏှာ၊ အရှင်သခင်က အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာက အတောင်းခိုင်းလို့ တဏှာကတောင်းတာ။ မရရအောင် အတောင်းခိုင်းပြန်တော့ ဥပါဒါန်ကတောင်းရတယ်။ ကာယကံ ၀စီကံနဲ့ အထမြောက်အောင်လုပ်ဖို့ ခိုင်းတာကလဲ အ၀ိဇ္ဇာပဲ။
အ၀ိဇ္ဇာလက်ချက်လွတ်တာ တစ်ခုမှမပါဘူး။ ဒီလို အ၀ိဇ္ဇာခိုင်းတဲ့အတိုင်း တောင်းခဲ့ လုပ်ခဲ့လို့ ဒီဘ၀ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရတာဟာ အတိတ်အကြောင်းတရာငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါးပေါ်တာပ
အပေါ်တက်ကြည့်လိုက်တော့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တို့က ဘာဝဋ်လဲဆိုရင် ကိလေသ၀ဋ်။ သင်္ခါရရယ် ကမ္မဘ၀ရယ်က ကမ္မ၀ဋ်။ ဒါဖြင့် အတိတ်ဘ၀က ၀ဋ်နှစ်ပါးလုပ်ခဲ့တယ်၊ ဒါပေမယ့် နှစ်ပါးလုံးကောင်းတဲ့ဝဋ် တစ်ခုမှမပါဘူး။ အတိတ်အကြောင်း ငါးပါးကိုခွဲလိုက်တော့ ၀ဋ်နှစ်ပါးဖြစ်လာတယ်။
ရှေ့ဘ၀က ၀ဋ်နှစ်ပါးကြိုးစားခဲ့ကြတော့ အကျိုးပေးလိုက်တာက ၀ိပါက၀ဋ်ဆိုတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ- ခန္ဓာငါးပါး။ ဒုက္ခသစ္စာ။ ဘယ်ကာလလဲဆိုရင် ပစ္စုပ္ပန်ကာလ၊ ဒါကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး၊ ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ ရေးထားတာ။
လိုရင်းက အတိတ်က ကိလေသ၀ဋ်နဲ့ ကမ္မ၀ဋ်ကြိုးစားခဲ့ကြတဲ့အတွက် ဒီဘ၀ အကျိုးပေး ၀ိပါက၀ဋ်ကြီးရနေတာ။ အကျိုးပေး ကုန်ပြီလားဆိုရင် အကြောင်း ကုန်မှ ကုန်မှာ။ အကြောင်းမကုန်သေးသရွေ့ ဟောဒီဒုက္ခသစ္စာအကျိုးပေးက မကုန်သေးဘူး၊ ခန္ဓာကြီးက မသေသေးဘူး။ ဇာတိဒုက္ခတော့ ကျော်လာခဲ့ပြီ။ ဇရာဒုက္ခက ရင်ဆိုင်နေရဆဲပဲ။ ဗျာဓိဒုက္ခ လာဦးမယ်။ မရဏ ဒုက္ခ- ကလဲ လာဖို့ ကျန်သေးတယ်။ ဒါကြောင့် အကျိုးပေး မကုန်သေးဘူး၊ မသေသေးဘူးတဲ့၊ ဒုက္ခတွေ မျိုးစုံအောင် အကျိုးပေးဦးမယ်၊ ပေးလို့ အားရမှ သေခွင့်ပေးမယ်ဆိုတဲ့သဘောပဲ။
(ဒေါက်တာအရှင်ပါရမီ)
တရားအသိများတိုးပွါးနိုင်ကြပါစေ
No comments:
Post a Comment