Pages

Pages - Menu

Wednesday, January 30, 2013

ဦးဆန်းဆင့်ကို သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ပါက လွှတ်တော်အတွက် ဆုံးရှုံးဟုဆို

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်
စီစဉ်ခြင်းသည် လွှတ်တော်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေါ်စေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်
စားလှယ်အချို့က ပြောသည်။ လက်ရှိကာလတွင် မိမိတို့ တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ဥပဒေပြုရေး လုပ်ငန်းများ၊ အစိုးရအား စောင့်ကြည့်ထိန်းညှိခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်နေချိန်တွင် လွှတ်တော်အား ဦးဆောင်ဦးရွက်ပြုနေ သည့် ဥက္ကဋ္ဌကို နေရာပြောင်းရွှေ့လိုက်ခြင်းဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အား စောင့်ကြည့်ထိန်းညှိခြင်းလုပ်ငန်းများ အားနည်းသွားနိုင်ကြောင်း အဆိုပါ ကိုယ်စားလှယ်အချို့က ဆိုသည်။ “ကျွန်တော်တို့ကတော့ ဒီကိစ္စအပေါ် ၀မ်းနည်းမိပါတယ်။ ဥက္ကဋ္ဌကြီးဟာ လွှတ်တော်ကိုကောင်းစွာဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်ဟာ လွှတ်တော်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး အစိုးရအပေါ် စောင့်ကြည့်ထိန်းညှိ
မှုတွေဟာလည်း လျော့ရဲသွားနိုင်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ကော်မတီဥက္ကဋ္ဌ ဦးပြုံးချိုက ပြောသည်။

မိမိတို့ လွှတ်တော်အနေဖြင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွက် အကျိုးရှိစေမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ လွှတ်တော်လုပ်ငန်းများအရှိန်ရနေသည့် ကာလတွင် မိမိ၏ သဘောဆန္ဒအရမူ ဥက္ကဋ္ဌအား လက်မလွှတ်ချင်ကြောင်း တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ ကတိက၀တ်များနှင့် အာမခံချက်များ စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က ဆိုသည်။

“တိုင်းလွှတ်တော်အနေနဲ့က ပြန်ပြီး အချိန်ယူလုပ်ဆောင်ရမယ့် သဘောဖြစ်နေပြီ။ အစိုးရကို စောင့်ကြည့်ထိန်းညှိတဲ့ အပိုင်းကတော့ လွှတ်တော်ကိုဦးဆောင်သူရဲ့ ထက်မြက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က
ပင်ပြောသည်။

နိုင်ငံတော်သမ္မတက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ (ဇန်န၀ါရီ ၂၈) တွင် ဇန်န၀ါရီ ၂၂ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။

“ကျွန်မကတော့ ဦးဆန်းဆင့်ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်ပဲ ဆက်ရှိစေချင်ပါတယ်။ သူဟာ အရမ်းတော်ပြီး ထက်မြက်တယ်လေ။ သူ့ကြောင့်လည်း ဧရာဝတီတိုင်းလွှတ်တော်ဟာ အတော်ဆုံး လွှတ်တော်ဖြစ်ခဲ့တာပဲ။ တော်လို့
များပြောင်းလိုက်တာလား မသိဘူး” ဟု ဒေါ်နန်းဝါနုကပင် ပြောသည်။

ဦးဆန်းဆင့်အနေဖြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း တိုင်းဒေသကြီး
အတွက် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုထားသော အဆိုများကို ဆောင်ရွက်ရန် ပျက်ကွက်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ရန် ဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်များကို ဆောင်ရွက်ခဲ့
သည်။ ဦးဆန်းဆင့်အား သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းသည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား ပြည်ထောင်စုဝန်ကြီးအဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းဖြစ်သည်။

  
7Day News 

No comments:

Post a Comment