Pages

Pages - Menu

Wednesday, December 26, 2012

ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့် လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်

ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့် လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့တပ်ဆင်ရန်အတွက် နေရာသုံးနေရာ၌ လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့် မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များအတွက် အထောက်အကူများစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်တဆထိခိုက်မှုများမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

မြန်မာ့လေပိုင်နက်အတွင်း ပုံမှန်ဖြတ်သန်းသည့် လေယာဉ်များမှာ ယခင်က နေ့စဉ်အစင်း ၂၅၀ မှ ၃၀၀ ကြားရှိရာမှ ယခုအခါ အစင်း ၅၀၀ ကျော်အထိရှိပြီး ပုံမှန်ဖြတ်သန်းမှုမဟုတ်သော လေယာဉ်အစင်းငါးစင်းခန့်မှ ၃၀ စင်းအထိ ရှိလာသည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြသည်။

အဆိုပါလေကြောင်း အထောက်အကူပြုစနစ်အား ဖြစ်နိုင်ပါက မြန်မာနိုင်ငံ၏ လေယာဉ်ကွင်းတိုင်းတွင် ထားရှိသင့်ပြီး အဆိုပါ စနစ်ကြောင့် မိုးတွင်းနှင့် ဆောင်းတွင်းတို့တွင် လေယာဉ်မောင်းနှင်ရသည်မှာ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ဦးသန်းထွေးက ပြောသည်။

တိုးချဲ့တပ်ဆင်ရန် လျာထားချက်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကလည်း အကူအညီများ ပေးအပ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သတင်းရရှိသည်။

“ကျွန်တော်တို့က လေကြောင်းနဲ့ ပတ်သက်ရင် လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးတို့အတွက် အဓိကထောက်ပံ့ပေးဖို့ ရှိပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ လေကြောင်းကဏ္ဍ ထောက်ပံ့ရေး၏ တာဝန်ရှိသူ ကိုကျော်ဇောအောင်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါလမ်းညွှန်ဆက်သွယ်ရေး စက်များအား ချမ်းမြသာစည်(မန္တ လေး)၊ တံတားဦး(မန္တလေး)၊ လားရှိုး၊ ပဲခူး၊ လှည်းကူး၊ ပုသိမ်၊ ထားဝယ်နှင့် နေပြည်တော်တို့တွင် တပ်ဆင်ထားပြီး တိုးချဲ့မှုအဖြစ် ဟဲဟိုး၊ ညောင်ဦး၊ သံတွဲဒေသများတွင် လျာထားသည်ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောသည်။

 
7Day News Journal 

No comments:

Post a Comment