Pages

Pages - Menu

Friday, November 16, 2012

ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးဖို့၊ ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်ပေးဖို့ ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ

ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ၎င်းတို့ မနှစ်သက်သည့် အချက်အလက်များ ပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်ကရှာဖွေဖော်ပြခြင်းမပြုဘဲဖုတ်ချပေးရန်၊အစိုးရများမနှစ်သက်သော ၀က်ဘ်ဆိုက်များကို ရေးသားသူ
များ၏ကိုယ်ရေးအချက်အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာ အစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ်ကို ကမ္ဘာတစ်ဝန်းအစိုးရများကအကြောင်းကြားမှု၊မေတ္တာရပ်ခံမှု၊အကျပ်ကိုင်ခဲ့မှုပေါင်းသည်၂၀၁၂ပထမခြောက်
လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်းသိရသည်။ တစ်ရက်လျှင် ပျမ်းမျှ ၁၁၅ ကြိမ်နီးပါး ဖြစ်
သည်။

ဂူဂဲလ်သည် ပွင့်လင်းမြင်သာ အစီရင်ခံစာ (Transparency Report) ကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ထုတ်ပြန်
ပေးလျက်ရှိရာ ၂၀၁၂ ပထမခြောက်လ ကြိမ်နှုန်းစာရင်းများအရ ကမ္ဘာတစ်ဝန်း အစိုးရများ၏ အွန်လိုင်းမီဒီယာများအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများသည် သိသိသာသာကို ရှိန်နှုန်းမြင့်လာနေပြီဖြစ်ကြောင်း တွေ့ရသည်။ အွန်လိုင်းတွင် ရေးသားဖော်ပြထားသော အချက်အလက်များ၏ မူရင်းပိုင်ရှင်များနှင့်ဆိုင်သော ကိုယ်ရေးအချက်အလက်များ တောင်းခံမှုတွင် အမေရိကန်အစိုးရက ၇၉၆၉ ကြိမ်ဖြင့် ကြိမ်နှုန်းအများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဂူဂဲလ်က ရှာဖွေပေးနေသည့် ၀က်ဘ်ဆိုက်များထဲတွင် မည်သည့် ၀က်ဘ်ဆိုက်များကို ရှာဖွေ ဖော်ပြပေးခြင်း မပြုပါနှင့်ဟု မေတ္တာရပ်ခံမှုတွင်မူ တူရကီအစိုးရက ထိပ်ဆုံးတွင်ရှိကြောင်းလည်း သိရသည်။ ဂူဂဲလ်သည် ထိုသို့ ကမ္ဘာတစ်ဝန်း အစိုးရများ၊ တရားရုံးများက တောင်းခံသည့် ကြိမ်နှုန်းများကို ၂၀၀၉ ခုနှစ်မှစ၍ ခြောက်လတစ်ကြိမ် စုစည်းပြီး ပွင့်လင်းမြင်သာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးလျက်ရှိသည်။

၂၀၀၉ ခုနှစ် ပထမခြောက်လ ဦးဆုံး အစီရင်ခံစာတွင် ထိုသို့ မေတ္တာရပ်ခံမှုပေါင်း ၁၂၅၃၉ မှု ရှိခဲ့ပြီး ၂၀၁၂ ပထမ ခြောက်လတွင် ၂၀၉၃၉ မှုထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ခြောက်လတစ်ကြိမ် ထုတ်ပြန်တိုင်း ဂူဂဲလ်က ရှာဖွေပေးနေတဲ့ တစ်ချို့ သတင်းအချက်အလက်တွေ မရှာပေးဖို့၊ သက်ဆိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထုတ်ပေးဖို့ မေတ္တာရပ်ခံမှုတွေက ကြိမ်နှုန်း တက်သထက် တက်လာနေတာကို ကြည့်ခြင်းဖြင့် ကမ္ဘာအရပ်ရပ် အစိုးရများသည် အွန်လိုင်းစောင့်ကြည့်စစ်ဆေးမှုများ ပိုမိုထိထိရောက်ရောက် ပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဂူဂဲလ်က ပြောသည်။

အင်တာနက်ပေါ်မှ အချို့သော အချက်အလက်များကို ရှာဖွေဖော်ပြပေးခြင်း မပြုရန် အစိုးရများ မေတ္တာရပ်ခံကြသည့် အဓိက အကြောင်းရင်း သုံးရပ်မှာ အသရေ ဖျက်မှု၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ထိပါးမှု၊ လုံခြုံရေး စိုးရိမ်ရမှုတို့ဖြစ်ကြောင်းလည်း သိရသည်။ အခြားသော အချက်များတွင် လိင်ဆိုင်ရာ ညစ်ညမ်းမှု၊ လူမျိုးရေး အမုန်းပွားစေသော စကားလုံးများ ပါဝင်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှုတို့ဖြစ်ကြောင်းလည်း သိရသည်။

ရှာဖွေဖော်ပြပေးနေခြင်းကို ရပ်ဆိုင်းသင့် မရပ်ဆိုင်းသင့်ကို ဂူဂဲလ်သည် အခြေခံအချက်သုံးချက်ဖြင့် ဆုံးဖြတ်ကြောင်း သိရသည်။ အစိုးရများ၏ မေတ္တာရပ်ခံမှုတွင် ခိုင်လုံသော အထောက်အထား ပြည့်ပြည့်စုံစုံ ပါဝင်ရမည်၊ တိကျသေချာသော ၀က်ဘ်ဆိုက်ကို ညွှန်ပြနိုင်ရမည်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံရမည်ဟူ၍ ဖြစ်သည်။

အချို့အချက်အလက်များ ရှာဖွေဖော်ပြပေးခြင်း မပြုရန် ကမ္ဘာ့အစိုးရများ မေတ္တာရပ်ခံမှု ကြိမ်နှုန်း(၂၀၁၂ ပထမခြောက်လအတွင်း စာရင်းဖြစ်သည်)

- တူရကီ ( ၅၀၁ ကြိမ် )
- အမေရိကန် ( ၂၇၃ ကြိမ် )
- ဂျာမနီ ( ၂၄၇ ကြိမ် )
- ဘရာဇီး ( ၁၉၁ ကြိမ် )
- ဗြိတိန် ( ၉၇ ကြိမ် )
အချက်အလက် ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံသည့် ကြိမ်နှုန်း
- အမေရိကန် ( ၇၉၆၉ ကြိမ် )
- အိန္ဒိယ ( ၂၃၁၉ ကြိမ် )
- ဘရာဇီး ( ၁၅၆၆ ကြိမ် )
- ပြင်သစ် ( ၁၅၄၆ ကြိမ် )
- ဂျာမနီ ( ၁၅၃၃ ကြိမ် )
- ဗြိတိန် ( ၁၄၂၅ ကြိမ် )
 
 
Source: BBC
MessangerNewsJournal

No comments:

Post a Comment