Pages

Pages - Menu

Monday, November 19, 2012

နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

မြန်မာနိုင်ငံက ၎င်း၏သံသယဖြစ်ဖွယ် လျှို့ဝှက်နျူကလီးယား စီမံချက်နယ်မြေနေရာများကို စစ်ဆေးခွင့် ပြုတော့မည့် နျူကလီးယားလုံခြုံရေးစည်းမျဉ်းသစ်များကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင်ခရီးစဉ် မတိုင်မှီထုတ်ဖော် ကြေညာလိုက်ပါသည်။
မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်စစ်ဖက်ဆက်ဆံရေးကို လျှော့ချရန် အပြုသဘောဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ဟု အိမ်ဖြူတော်ကပြောဆိုပြီး နာရီပိုင်းအကြာတွင် အထက်ပါ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံသည် မနှစ်က ဖျက်သိမ်းသွားသော တပ်မတော်အစိုးရလက်ထက်ကာလတစ်လျှောက် ပြုံယမ်းနှင့် စစ်ဖက်ဆိုင်ရာ၊ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု အနောက်အုပ်စုက သံသယရှိခဲ့ကြသည်။
 
ယခု မြန်မာအစိုးရ၏ ကြေညာချက်တွင် ကုလသမဂ္ဂနျူကလီးယား အေဂျင်စီအား တရားမဝင် မကြေညာသောနျူကလီးယား ဆောင်ရွက်မှုများကို အကဲဖြတ်စစ်ဆေးခွင့်ပေးမည် ‘နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ၏နောက်ဆက်တွဲ ပဋိဥာဏ်စည်းမျဉ်း’ ကို လတ်မှတ်ရေးထိုးတော့မည် ဖြစ်ကြောင်းဖော်ပြထားသည်။
 
လွှတ်တော်သို့ အတည်ပြုရန် ပေးပို့ထားသော ယင်းအစီအစဉ်ကို သမ္မတဦးသိန်းစိန်က အတည်ပြုပြီးပြီ ဟု ကြေညာချက်ကဆိုသည်။
 
မြန်မာနှင့်မြောက်ကိုရီးယားအကြားမှ သံသယဖြစ်ဖွယ် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုများသည် ဝါရှင်တန်အတွက် ရတက်မအေးစရာ ထိပ်တန်းကိစ္စတစ်ခု ဖြစ်ခဲ့သည်။
 
အမေရိကန်ပြည်ထောင်စုနှင့် ကာလာကာရှည်နျူကလီးယားဝှက်ဖဲ ဂိမ်းကစားနေသော မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် နည်းပညာရရှိရန် ကြိုးပမ်းခဲ့ခြင်း မရှိပါဟု ဦးသိန်းစိန် အစိုးရ ငြင်းဆိုထားသည်။
 
သမ္မတအိုဘားမား၏ တနလာင်္နေ့ရန်ကုန်ခရီးစဉ် မတိုင်မီတွင် အိမ်ဖြူတော်က “ယခင် စစ်ဖက်အုပ်ချုပ် ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ ပြုံယမ်းနှင့် ဆက်ဆံရေးလျှော့ချရန် ဆောင်ရွက်ချက်များ ပြုလုပ်လျှက်ရှိသည်” ဟု ပြောဆိုခဲ့သည်။
 
“မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလျှော့ချဖို့လိုအပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဒိုင်ယာလော့ ဆွေးနွေးခဲ့ပါတယ်” ဟု အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဘင်ရုတ်ဒ်က အာရှသို့ ပျံသန်းနေသော Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။
 
“ဒီဦးတည်ချက်အတိုင်း မြန်မာအစိုးရက အပြုသဘောဆောင်ရွက်မှုတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ လက်ရှိ နေပြည်တော်-ပြုံယမ်း ဆက်ဆံရေး အဆုံးသတ်သွားတာကို ကျွန်တော်တို့ ဆက်ပြီး မြင်ချင်ပါတယ်” ဟု ဘင်ရုတ်ဒ် ကဆိုပါသည်။
ကုလသမဂ္ဂ ၂၀၁၀ အစီရင်ခံစာတွင် ပြုံယမ်းသည် တားမြစ်နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများကို အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံများသို့ လျှို့ဝှက်ဖြန့်ဖြူးနေကြောင်း အထောက်အထားများဖြင့် ဖော်ပြထားသည်။
 
မြန်မာအစိုးရကလည်း ၎င်းတို့သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်လောက်အောင် မကြွယ်ဝပဲ စီးပွားရေးနိမ့်ကျကြောင်းနှင့်  ကုလသမဂ္ဂဆုံးဖြတ်ချက်များကို အမြဲတစေလိုက်နာခဲ့ကြောင်း တုန့်ပြန်ရှင်းလင်းပြောဆိုခဲ့သည်။
 
(AFP သတင်းမှ 19 Nov 2012 “Myanmar to Sign new safeguards” သတင်းကို ဘာသာပြန်ဆိုသည်။)
TransparencyMyanmarblog

No comments:

Post a Comment