Pages

Pages - Menu

Wednesday, October 17, 2012

တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ၂၀၁၄ မှာ အမည်သစ်ဖြင့် ပေါင်းရန် သဘောတူ

mon



တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ဖြစ် သည့် မွန်ဒေ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့သည် ၂ဝ၁၄ နှစ်ကုန်၌ အမည်သစ် တခုဖြင့် ပေါင်းစည်းကြရန် နှစ်ဖက် ပါတီခေါင်းဆောင်များက သဘော တူညီလိုက်ကြသည်။လတ်တလော၌ လုပ်ငန်းတူများကို Join Action (ပူးတွဲဆောင်ရွက်မှု) အနေဖြင့် ပေါင်းစည်း လုပ်ဆောင် သွားကြ မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပူးတွဲ သဘော ထား ထုတ်ပြန်လိုက်ကြသည်။
စက်တင်ဘာလ ၁၃ ရက်နေ့၌ မုဒုံမြို့၊ အောင်စေတီ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက်မွန်လူမျိုး
ရေးရာ ညှိနှိုင်းဆွေးနွေးပွဲ၌ ပေါင်းစည်းရေးကို နှစ်ဖက် ခေါင်းဆောင်းများ ထပ်မံသဘောတူ လက်မှတ်ရေး
ထိုးခဲ့ကြပြီး ၂ဝ၁၄ ခုနှစ်၊ဒီဇင်ဘာလ နောက်ဆုံးထားကာတပါတီတည်းအဖြစ် ပေါင်းစည်းရေးအတွက်ညှိနှိုင်း
မှုများ ဆက်တိုက် ပြုလုပ်နိုင်ရေးအတွက်လည်း လစဉ် ဆက်လက်တွေ့ဆုံ သွားကြမည်ဟု ဆိုသည်။


“ကျနော်တို့ ပါတီဘက်က ပေါင်းစည်းဖို့အရေးမှာ သဘောထား တင်းမာနေတယ်လို့ ပြောဆိုသံတွေ ရှိနေပါတယ်။ အမှန်က ကျနော်တို့ ပါတီတွင်းမှာလည်း ဒီပြဿနာ ရှိနေပါတယ်။ အခုလို ပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပေမယ့်လို့ လက်တွေ့မှာ ပေါင်းချင်တဲ့ လူနဲ့ မပေါင်းချင်တဲ့လူနဲ့ သဘောထား နှစ်ခွ ကြုံကောင်း ကြုံနိုင်မှာပါ။ 
 
ဒါပေမယ့်ကျနော် တို့ ယုံကြည်တာက အမျိုးသား အကျိုးစီးပွားအတွက် ပေါင်းစည်းသင့်ပါတယ်။ ပေါင်းစည်းဖို့ လမ်းကြောင်းပေါ်လျှောက်ကြရင်းနဲ့ပဲ မပေါင်းတဲ့လူတွေက နောက်မှာ ကျန်ခဲ့ကြမှာပါ” ဟု AMRDP ဥက္ကဋ္ဌ
 နိုင်ငွေသိန်း က မဇ္ဈိမကိုပြောသည်။

နှစ်ပါတီ စလုံးမှ အချိုးအစားတူ ကိုယ်စားလှယ်များဖြင့် ပေါင်းစည်းရန်၊ ၎င်းကိုယ်စားလှယ် အချိုးအစားများမှ ဥက္ကဋ္ဌနှင့် ဗဟို အလုပ်မှုဆောင် ကော်မီတီကိုလည်း ပြန်လည် ရွေးချယ်ရန်နှင့် နှစ်ဖက်လုံးမှလက်ခံနိုင်သည့်
ပါတီ နာမည်သစ်တခု ပေးကာ နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရန် မူ ၃ ချက် မှတ်ထားသည်။

MDP မှ ဒု-ဥက္ကဋ္ဌ (၂) နိုင်တင်အောင် ဦးဆောင်ပြီး ဒေါက်တာ မင်းစိုးလင်း၊ ဒေါက်တာ မင်းကြည်ဝင်းနှင့် နိုင်စိုးမြင့် တို့ကို ပူးတွဲကော်မတီအတွက် ကိုယ်စားလှယ်အဖြစ် ပေးပို့ရန်ရှိပြီး AMRDP မှမူ ကိုယ်စားလှယ် ပေးပို့နိုင်ခြင်း မရှိသေးပေ။

“မွန်ပြည်သူတွေက ပေါင်းစေချင်တယ်ဆိုတဲ့ အနေအထားကတော့ ရှင်းပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မွန်မဲတွေ တခြား ပါတီတွေဆီကို မရောက်စေချင်တော့လို့ပါ။ အဲတော့ ရှိနေတဲ့ မွန် နှစ်ပါတီကို တပါတီတည်း ပေါင်းပြီး မဲတွေ ကို တပါတီထဲဆီကို ရောက်အောင် ဆန္ဒတွေ ရှိပါတယ်။ ပေါင်းတယ် ဆိုပေမယ့်လည်း အခု ပထမအဆင့် Join Action နဲ့ စပြီး လုပ်ဆောင်သွားမယ်။ နောက်မှ လိုအပ်သလို ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားကြမယ်” ဟု အောင်စေတီကျောင်းတိုက် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ MDP ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်စိုးမြင့် က မဇ္ဈိမကို ပြောသည်။

MDP ၏ ယခင်အမည်ဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ၅ နေရာ အနိုင်ရခဲ့သည်။ ထိုစဉ်က စစ်အစိုးရမှ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင်ပါတီခေါင်းဆောင်များဖမ်းဆီးခံရကာ မွန်
ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံခဲ့ရသည်။

AMRDP ကိုမူ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲအတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသား လွှတ်တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော် ၉ နေရာဖြင့် စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိထားသည်။
 
 
စံခလပူရီ (မဇ္ဈိမ)

 

No comments:

Post a Comment