Pages

Pages - Menu

Thursday, October 18, 2012

 ကိုမင်းကိုနိုင်၏ အသက် ၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့် ပတ်သက်သည့် လူမှုအကူအညီပေးမှုများ လုပ်ဆောင်မည်



၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အသက် ၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့်ပတ်သက်သည့် လူမှုအကူ အညီပေးမှုများ လုပ်ဆောင်သွားမည်ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ သည်။ကိုမင်းကိုနိုင်၏မွေးနေ့အလှူကိုရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော်၊ (၉၄) ရပ်ကွက်၊ပိတောက်လမ်းရှိ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း၌ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      
                        
'' မွေးနေ့ပွဲရယ်လို့မလုပ်ချင်ဘူး။အဲဒီနေ့မှာ အလှူဒါနသွားလုပ်မယ် ကွန်ပျူတာတွေလှူမယ်။ကျွန်တော်အလှူခံထားတာတွေရှိတယ်။ ဆယ်ဂဏန်းလောက်တော့ရမယ်။ အဲဒီမှာကွန်ပျူတာသင်တန်းတစ်ခု စဖွင့်မယ်။စာကြည့်တိုက်ကို စာအုပ်တွေလှူမယ်။နောက်တစ်ခါ သွေးအလှူရှင်အဖွဲ့တစ်ဖွဲ့ဖွဲ့မယ်။အခမဲ့ ဆေးကုပေးတဲ့ဆေးခန်းကို ကျွန်တော့်ပန်းချီကားတွေ လက်မှတ်ထိုးလို့ ရောင်းရငွေအားလုံးကို ကျွန်တော်လှူမယ်။ဒီလောက်ပါပဲ။မွေးနေ့မှာ ကိတ်မုန့်လှီးပြီး ပွဲမလုပ်ချင်တဲ့အတွက် လူမှုအကူအညီပေးတာတွေ လုပ်မယ်။
 
ပညာဒါနနဲ့ ကျန်းမာရေးဒါနတွေကို အားပေးတာပေါ့။သာမန်မွေးနေ့ပါတီ မဟုတ်ဘူး။အများအတွက် စုပေါင်းအလုပ်လုပ်တဲ့လုပ်ငန်းစဉ်တစ်ခုကို ပြတာပါ။လူဆိုတာက တော့ ကိုယ်သန်ရာ ကိုယ်ယုံကြည်ရာနဲ့ ကိုယ့်စိတ်ကူးစိတ်သန်းနဲ့ ကိုယ်သွားကြတာပါပဲ''ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။             
       
'' ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကို သူရောက်ခဲ့တုန်းကတည်းက ဒီဆေးခန်းကို သူ့အနေနဲ့ အရမ်းအားရတယ်လို့ ပြောခဲ့တယ်။ သူက မွေးနေ့တစ်နေ့ကို အကျိုးရှိရှိနဲ့ ဖြတ်သန်းချင်တာကြောင့် ဒီအစီစဉ်လေး လုပ်ဖြစ်သွားတာပါ '' ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပြန်ကြားရေးတာ ၀န်ခံ ကိုဇော်မင်းက ရှင်းပြခဲ့သည်။
 
၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်ဟု လူသိ များသော ၎င်း၏ နာမည်အရင်းမှာ ပေါ်ဦးထွန်းဖြစ်ပြီး မွေးဇာတိမှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိအချိန်တွင်  ၈၈ မျိုးဆက် ကျောင်းသားများနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ElevenMedia Group:

No comments:

Post a Comment