Pages

Pages - Menu

Tuesday, October 30, 2012

စိုးရိမ်ဖွယ်ရှိနေသည့် ဒုက္ခသည် ကျောင်းသားများ၏ ပညာရေးအခြေအနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်း မှ ကျောင်းသား/ ကျောင်းသူများ ၏ ပညာရေးစနစ်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေသည် ဟု ဒုက္ခသည်စခန်း တာဝန်ခံများ ထံက သိရသည်။
 “ကျောင်းသားတွေ က စာမလိုက်နိုင်ဘူး။ အခုမြို့က ကျောင်းသားတွေ နဲ့ စာအတူ သင်ရတာ အခက်အခဲ ဖြစ်နေတယ်။ တချို့ကျောင်းသားတွေ က စာမလိုက်နိုင်တော့ ကျောင်းဆက် မတက်တော့ဘူး”ဟု ကျွန်းပင်သာ ဒုက္ခသည်စခန်း မှ တာဝန်ခံ ဒေါ်မေဇီ က ပြောသည်။
 
လက်ရှိတွင် ဒုက္ခသည် ကျောင်းသားများ အနေဖြင့် မိမိ တက်ရောက်သင်ကြား နေရသော ကျောင်းများ မှ ဆရာ၊ ဆရာမများ ၏ ခွဲခြားဆက်ဆံ ခံရခြင်း၊ မြန်မာစကား နားမလည်ခြင်း တို့ကြောင့် ကျောင်းတက်ရန် စိတ်မပါ သဖြင့် ကျောင်းထွက်သည် အထိ ရှိလာကြောင်း သိရသည်။
`ကျွန်မ သားက (၆) တန်းပါ။ ကျောင်းတက်ဖို့ အတင်းတိုက်တွန်းရတယ်။ ခုတော့ ဘယ်လောက် ရိုက်ရိုက် ကျောင်းကို လုံးဝ မသွားတော့ဘူး။ စာမလိုက်နိုင်လို့ ထင်ပါတယ်။´ ဟု ကျောင်းသား မိခင်တစ်ဦးက ပြော သည်။
ဒုက္ခသည် ကျောင်းသားအများစု ၏ တစ်လ တစ်ကြိမ်ဖြေ စာမေးပွဲအောင်စာရင်း လက်မှတ်တွင် မြန်မာစာ ဘာသာရ မှတ်သည် (၅) မှတ်မှ(၁၀) မှတ်ကြားတွင်သာ မြင်တွေ့ရမှုများပြီး အဓိကအားဖြင့် လူမှုရေး ဘာသာ၌ အမှတ်ရရှိလေ့ မရှိကြောင်းကိုလည်း သိရသည်။
၎င်းတို့ စာမလိုက်နိုင်ခြင်းတို့ မှာ စိတ်ထိခိုက် ဒဏ်ရာများ ရှိနေခြင်းကြောင့် ဖြစ်သည် ဟု ဆရာမများ က ပြောသည်။ ထို့ကြောင့် ကျောင်းစာ သင်ကြားနေသည့် အချိန်များတွင်လည်း နာခံခြင်း၊ သင်ယူ လေ့ လာခြင်း များ မရှိကြောင်း ကိုလည်း သိရသည်။
 " ပုံမှန်ကျောင်းသားတွေကို (၃)ခါလောက် သင်ရင် ရပြီ။ ဒုက္ခသည်က ကလေးတွေကို ဘယ်နှစ်ခေါက် သင်သင် လိုက်လို့မမှီကြ ဘူး။ သူတို့က နားမလည်ကြဘူး။ မြန်မာစာ အသုံးအနှုန်းတွေဆို နည်းနည်းမှ နားမလည်ကြဘူး။ ကချင်လိုပြန်ပြန် ရှင်းပြရတယ်။" ဟု ဒူကထောင်ရပ်ကွက်ရှိ အ.မ.က (၁) ကျောင်းမှ ဆရာမ တစ်ဦးက ပြောသည်။
 ဒုက္ခသည် စခန်း တာဝန်ခံများ မူ အဆိုပါ ကျောင်းသားများအား အစိုးရကျောင်းဆရာများ၏ အချိန်ပို စာသင် ဝိုင်းများ အမှန်တကယ်အလိုရှိနေခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။
`အစိုးရက ဆရာမတွေ ကျွန်တော်တို့ စခန်းမှာ အချိန်ပို ညဂိုဏ်လိုမျိုး လာလာ သင်ပေးရင်တော့ အရမ်း
ကောင်းမှာပဲ။   ကျောင်းတစ်ခုနဲ့တင် ကလေးတွေက စာမလိုက်နိုင်ကြဘူး။ ကျောင်းမှာက အများနဲ့ သင်
နေတာဆိုတော့။´ ဟု ဂါလီလဲ ဒုက္ခသည်စခန်း မှ တာဝန်ခံ တစ်ဦး ကပြောသည်။
 `ဒီလို ကျောင်းသားတွေ စာစိတ်မ၀င်စားဖြစ်နေတာ ကျွန်မတို့ကို မတင်ပြတော့ မသိဘူး။ တင်ပြရင် တော့ အကုန်လုပ်ပေးပါ့မယ်။ တင်ပြဖို့က အရေးကြီးတယ်။ ´ ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က ပြောသည်။
အချို့ကျောင်းသားများမှာ စခန်းသို့ ရောက်ရှိချိန်မှ စပြီး ကျောင်းဆက်မသင်တော့ဘဲ စခန်းတွင်သာ နေထိုင် လျှက်ရှိနေကြသည်။
`ကျောင်းလည်း မတက်ချင်တော့ဘူး။ ကျောင်းမှာ မပျော်ဘူး။ ဆရာမက ဘာတွေ သင်သွားမှန်းလည်း မသိဘူး။´ ဟု တတိယ ကျောင်းတက်နေသူ ကျောင်းသားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် ကျောင်းသားများသည် ကျေးလက်တောရွာများမှ ရွှေ့ပြောင်းလာသော ကျောင်းသားများသာ ဖြစ်ပြီး ဒုက္ခသည် ကျောင်းသားစုစုပေါင်း (၂၀၅၆) ဦး ရှိပြီး ဒုက္ခသည်စခန်း (၂၄) ခုရှိသည်။
လုဆိုင်း- ကချင်ပြည်နယ် (မြစ်မခ)

No comments:

Post a Comment