Pages

Pages - Menu

Saturday, September 22, 2012

ABSDF -ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၁)



အသားဖြူဖြူ၊ နဖူးပေါ် ခပ်အုပ်အုပ်ကျနေတဲ့ ဆံပင်ပုံဆန်၊အဝေးကြည့်မျက်မှန်တပ်ထားတဲ့အသက် ၄၀၀န်း
ကျင်အရွယ် အမျိုးသားက ကိုဘိုဘိုဖြစ်တယ်။မြောက်ပိုင်းABSDF ကျောင်းသားသတ်ပွဲတွေအကြောင်း ဖတ်
ရတုန်းက ကျမ စိတ်မှန်းနဲ့  မြင်ယောင်ကြည့်ခဲ့တဲ့ ၁၅ နှစ်သား ဘိုဘိုတော့ မဟုတ်တော့ဘူး။ သူက ဦးဘို
ဘိုဖြစ်နေပြီ၊ ပြီးတော့လက်နက်ကိုင်တဲ့ တော်လှန်ရေးသမားလည်း မဟုတ်ဘူး။

ယနေ့မှာတော့ ကိုဘိုဘိုလို့ မေးလိုက်ရင်  ကချင်ပြည်နယ် ဒုက္ခသည်စခန်းတွေကို သွားရောက် ကူညီအား
ပေးနေတဲ့ အဖြူရောင်တွဲလက်များဆိုတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ သူအဖြစ် တွေ့မြင်နေရပြီ။

သူက ဆေးလိပ် များများသောက်ပြီးစကားပြောတယ်။စကားပြောရင်လည်း ဆေးလိပ်ကို ညာလက်ကြားညှုပ်
ရင်း တက်တက်ကြွကြွနဲ့မျက်စိတည်းမြင်လာအောင်ပြောတတ်တယ်။ အတိတ်က ၀မ်းနည်းစရာအကြောင်း
တွေကိုတော့ မျက်ရည်လည်ရင်း ပြောတယ်၊ ပျော်စရာဆိုရင်တော့ ရွှန်းရွှန်းဝေအောင်ပြောရင်း ရယ်မော
တယ်။

သူစကားပြောတာကို ကျမရယ်၊ သတင်းထောက်ကျော်ဇင်မန်းရယ်၊အလုပ်သင် သတင်းထောက်  မြတ်မိုး
ကျော်ရယ် ထိုင်ငေးကြည့်နေရင်း နားထောင်ရင်းနဲ့  သူ့စကားတွေထဲမှာ စီးမျောသွားလိုက်ကြတာ။

ကျမတို့ သုံးယောက်လုံးတကယ်ပဲ့  အသက် ၁၄ နှစ်၊ ၁၅ နှစ်သား ပုဆိုးစိမ်းဝတ်ထားတဲ့ ပိန်ပိန်သွယ်သွယ်
နဲ့ လွယ်အိတ်ကျောသိုင်းထားတဲ့ ကိုးတန်းကျောင်းသားနဲ့အတူ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့ပြီး၊ နောက်
တော့  တကယ်ပဲ မြန်မာပြည်ရဲ့ မြောက်ပိုင်း ABSDF (ပါဂျောင်)စခန်းကို ရောက်သွားခဲ့သလိုပါပဲ။


(၁)

ကျနော်က တကယ်တော့တပ်မတော်ကို ချစ်တဲ့ စိတ်ရှိခဲ့တဲ့သူဗျ။ ဆယ်တန်းအောင်ပြီးရင် ဗိုလ်သင်တန်း
တက်မယ်လို့ကို စဉ်းစားထားခဲ့တာပါ။ အဲဒီခေတ်တုန်းက ကျနော်တို့ဆီမှာ ဘာသွားရှိသလဲဆိုတော့ ၁၀ တန်းအောင်ရင် DSA တက်မယ်၊ အဲအချိန်က ကျနော်က အဲလိုပဲ ရှိခဲ့တယ်။ နောက်ပြီးတော့ သူငယ်ချင်းအ
ဖေကလည်း ရန်ကုန်တိုင်း တိုင်းမှူးပေါ့၊ သူကလည်း ပြောတယ်ဗျ

မင်းတို့ ၁၀ တန်းအောင်အောင်ဖြေ၊ ၁၀တန်းအောင်ရင်မင်းတို့ကို DSA ပို့ပေးမယ်၊ ထားပေးမယ်လို့ ပြော
ပေးတာလည်းရှိတယ်။အဲတော့ဒီတပ်ကတကယ် ကျနော်ချစ်တဲ့ တပ်၊ ကျနော် တကယ်ကိုလေးစားရတဲ့ တပ်၊ သတင်းစာထဲမှာ ရှေ့တန်းတစ်နေရာမှာ တိုင်းပြည်အတွက် အသက်ပေးတာတို့ ဘာတို့ကို တွေ့ရင် ကြက်
သီးမွေးညင်းကို ထရတယ်။ အဲလိုကျနော် ချစ်တဲ့တပ်၊ ဒီစစ်တပ်ကို ပြောတာပေါ့နော်။

ကျနော်က အထက်တန်းကျောင်းတုန်းက အလုံ အထက (၄)မှာ တက်တယ်။ အဲမှာတင် ကျနော်ကြုံလိုက်ရ
တာက သပိတ်မှောက်တဲ့ ကျောင်းသားတွေကို တပ်က ပစ်တာကို။ အဲဒါကို ရှောခ် ရသွားတာ။ တသက်လုံး
အတွက်ကို ရှော့ရသွားခဲ့တာပဲ။ တပ်က ဘာဖြစ်လို့ငါ့သူငယ်ချင်းတွေကို ပစ်တာလဲဆိုပြီး အဲဒီကနေစပြီး ကျနော်ရှော့ရတာ၊ ကျနော် မှတ်မှတ်ရရ အဲဒီဟာလေးတစ်ခုကို ပြန်ပြောပြချင်တယ်။ ဇွန်လပေါ့ဗျာ ၈၈ အ
ရေးအခင်းမဖြစ်သေးဘူး။ ဇွန်မှာပေါ့။ ပူညံပူညံတွေတော့ဖြစ်နေပြီ။အဲဒီနေ့က မိုးရွာနေတယ်။

ကျနော်က ကျောင်းသားဆိုတော့ ရခိုင်ပုဆိုး အစိမ်းကို ၀တ်ထားတာဗျ။ ကျနော်ကလည်း ဟိုစပ်စပ် ဒီစပ်စပ်
ပါတတ်တော့ အဲဒီနေ့ကလည်း အိမ်ကနေ အလံတွေကို ခိုးဝှက်ပြီး ယူသွားတယ်။မှတ်မှတ်ရရ ကျနော်တို့
ပန်းဆိုးတန်းဂုံးတံတားအောက်မှာ လူစုတယ်ဗျ၊အဲမှာ ကျနော်တို့ ကျောင်းက သူငယ်ချင်းတွေစုပြီးနေတယ်။

ရုပ်ရှင်ရုံတန်းလမ်းက ဖြတ်သွားရင် ကျောင်းသားအချင်းချင်း မျက်စိနဲ့ နည်းနည်း အချက်ပြပြီး ပန်းဆိုးတန်း ဂုံးတံတားအောက်မှာ စုကြတယ်၊ပြီးတော့ကျနော်တို့ သပိတ်စမှောက်တယ်ပေါ့ဗျာ။ သပိတ်မှောက်ပြီးတော့
မှ အဲဒီမှာ ဘေးနားမှာ ရှိတဲ့ အကြော်ဆိုင်နားက ၀ါးလုံးကိုယူ၊ အလံကို တပ်ပြီးတော့မှ အလံထောင်ပြီး စပြီး သပိတ်မှောက်တယ်၊ အလံက ဇောက်ထိုးကြီးပေါ့၊ အမှန်က အလံကို တမင်တကာ ဇောက်ထိုးကြီးလုပ်တာ မဟုတ်ပါဘူး၊ သိတဲ့အတိုင်းပဲ ကဗျာကယာလုပ်ရတဲ့ အခါကျတော့ အဲဒီအတိုင်းကြီးဖြစ်သွားတာပေါ့နော်။

ကျနော်ကလည်းအလံကိုင်ပြီး ရင်ကော့ပြီး သပိတ်နဲ့ပါသွားတာပေါ့...သိပါတယ် အဲဒီခံစားချက်က ဘယ်လို
ဆိုတာကို။ ကျနော်တို့ အလံကိုင်ထားတဲ့သူတွေရဲ့ ၊နောက်ကနေ လူတွေပါလာတယ်။ အဲလို ကျနော်တို့ သွားတဲ့ ကျောင်းသားတွေကို ပြည်သူတွေကလည်း အားပေးတယ်ပေါ့။

အဲလိုသွားနေတုန်း ကျနော်တို့အရွယ်ကောင်မလေးတယောက်ကပဲ ၊ အသက်ကလည်း ကျနော်တို့လောက်
ပဲ ရှိမယ်၊ရွယ်တူပေါ့ဗျာ သူက သံပုရားသီးစိတ်လေးတွေကို ခပ်သေးသေးစိတ်ပြီး ဆားနဲ့နယ်ပြီးပလပ်စတစ်
အိတ်လေးထဲထည့်ပြီး လိုက်ဝေတယ်၊ ကျနော်တို့လို အလံကိုင်ထားတဲ့ လက်မအားတဲ့ ကျောင်းသားတွေ
ကိုတော့ သူက ပါးစပ်ထဲလိုက်ခွံပေးတယ်။ အဲဒီကောင်မလေးက ကျနော့်ရှေ့ရောက်လာတော့ကျနော်က
လည်း လက်မအားတော့ ပါးစပ်ထဲကို သံပုရာသီးစိတ်လေးထည့်ပြီး ခွံပေးတယ်။

အဲဒီနေ့က မိုးတွေကလည်း ရွာနေတော့ ကျနော်တို့လည်း မိုးစိုကြတယ်၊ ကျနော်က မိုးစိုထားတဲ့ ပုဆိုးနဲ့ ဆိုတော့ ခြေလှမ်းလှမ်းတိုင်း တုပ်တုပ်ပြီးတော့ လမ်းလျှောက်လို့ မကောင်းဘူး။ ကျနော်က ပုဆိုးပြင်ဝတ်
ချင်တာနဲ့ အဲဒီကောင်မလေးကို ကျနော်က အကူအညီတောင်းတယ်။ ငါ ပုဆိုးဝတ်ချင်လို့ အလံကို ခဏ
လောက် ကိုင်ပေးပါလားဆိုပြီးတော့ သူကလည်း ရတယ်။

သူက အလံယူပေးတယ်၊ သူကလည်း ဘယ်ကျောင်းကလဲ မသိဘူး။ သူ့ဆီက နေ ကျနော်က သူ့ကြွပ်ကြွပ်
အိတ်လေးကို ကိုင်ပြီးတော့ သံပုရာသီးစိတ်လေးတွေကိုလည်း ကျနော်လည်းစားတယ်၊ ဘေးနားမှာရှိတဲ့လူ
တွေကိုလည်း ခွံ့ကျွေးတယ်၊ ပုဆိုးတွေဘာတွေလည်းပြန်ပြင် ၀တ်ပြီးတော့ ကျနော်က ကောင်မလေးဆီက
နေ အလံပြန်တောင်းတယ်။

အဲဒီမှာ သူက ရတယ် ငါပဲ ဆက်ကိုင်လိုက်တော့မယ်လို့ ပြောတယ်။ အမှန်အတိုင်းပြောရရင်တော ကျနော်
ကလည်းအလံကိုင်ချင်တာပေါ့နော်၊ ရှေ့ကနေ အလံ ကိုင်ပြီးသွားချင်တာပေါ့။

ဒါပေမဲ့ ကောင်မလေးကလည်းမပေးတော့ဘူးဆိုတော့အေးရတယ် ထားလိုက်တော့ဆိုပြီးတော့ဒီအတိုင်း
ပဲ ဆက်လျှောက်ခဲ့တာ။ ပြီးရောဆိုပြီး ကျနော်က နောက်မှာရှိတဲ့လူတွေကို သံပရာသီးစိတ်လေးတွေကိုပေး
ရင်းပေးရင်းနဲ့ ကျနော်က နောက်ဘက်ကို ရောက်သွားတယ်။နောက်ရောက်သွားတော့ အသံကြားလိုက်မိ
တဲ့အချိန်မှာက…. ဂျပန်သံရုံးဘက်ကနေ စစ်ကားတွေ ထွက်လာတာပဲ။ အံ့သြနေတုန်းမှာ ပစ်တော့တာ
ပဲ...။

ဟိုးအရင်တုန်းက ဆိုရင် ရှေ့မှာ အရင်ကာပြီး တားတာတွေ ဘာတွေတွေရှိတယ်၊ ပြီးမှ ပစ်မယ်ဆိုတာ ရှိ
တယ်လေ၊ အခု အဲလိုမဟုတ်ဘဲနဲ့ဂျပန်သံရုံးဘက်က စစ်ကားက မေါင်းထွက်လာပြီး၊ ပိတ်ပြီးတော့မှကျောင်း
သားတွေကို ပစ်တာဗျ၊ ကျနော်တို့လည်း အံ့သြနေတုန်းပဲ  ပိတ်ပြီး ပစ်တော့အခါမှာ…အဲဒီမှာ ကျနော့်အ
လံကို ကိုင်ထားတဲ့ ကောင်မလေး ထိပြီး ပွဲချင်းပြီးပဲ သေသွားတယ်။ သေသွားတာကို ကျနော်မြင်နေရတယ်။ သူ့ကို။ အဲဒီမှာ ကျနော်... အရမ်းမုန်းသွားတယ်။.....ကျနော် အရမ်းမုန်းသွားတယ်။....

 ….အဲဒီရှေ့မှာတော့ ကျနော် တောက်လျှောက်ပါသွားပြီပေါ့ ဇွန်၊ ဇူလိုင်မှာ တောက်လျှောက် လုပ်ခဲ့တဲ့ သပိတ်တွေ အရေးအခင်းတွေမှာပါခဲ့ပြီ။အဲဒီ ၈၈ခုနှစ်မှာပဲ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အစာအငတ်ခံ ဆန္ဒပြ
ပွဲထင်တယ်၊ ၃၆ နာရီကြာတယ်ဗျ၊ ဆေးရုံကြီးဝန်းထဲမှာလုပ်တယ်။ အဲဒီမှာအဲဒီရှေ့မှာတော့ ကျနော်တောက်
လျှောက်ပါသွားတယ်ဗျ၊ ဇွန်၊ ဇူလိုင် မှာ လုပ်တဲ့ အရေးအခင်းတောက်လျှောက်ပါသွားပြီ။

ကျနော်ပြောချင်တာက ကျနော်တို့ သပိတ်မှောက်စဉ်၊ အော်စဉ်ကာလက ဒီမိုကရေစီရရှိရေးလို့ ကျနော်တို့ မအော်ခဲ့ဘူး၊ ကျနော်တို့အော်ခဲ့တာက ''သပိတ်သပိတ် မှောက်မှောက်''၊ ''ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး'' နဲ့ '' ဖမ်းဆီးကျောင်းသားများလွှတ်ပေးရေး'' ။ ဒါပဲ ကျနော်တို့အော်ခဲ့ပြောခဲ့တာ၊ အဲဒီအချိန်တုန်းက နေ၀င်းအ
စိုးရ ပြုတ်ကျပါစေ ကျနော် မအော်ခဲ့သေးဘူး။

...ဆိုတော့ ဒီဟာပဲ ကျနော်တို့အော်ခဲ့တာ၊ ဒီဖမ်းဆီးကျောင်းသားလွှတ်ပေးတာက ရှင်းတယ်၊ ကျနော်တို့ စာသင်ခန်းထဲမှာ အေးအေးဆေးဆေးစာသင်နေခ်ျိန်မှာ ကျနော်တို့ သူငယ်ချင်းတွေက အကျဉ်းထောင်ထဲ
မှာ ရှိနေမယ်ဆိုရင် ကျနော်တို့ လွတ်လွတ်လပ်လပ်နဲ့ စိတ်ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့စာသင်နိုင်မှာမဟုတ်ဘူး၊
ကျောင်းသားသမဂ္ဂကကျတော့ ဒီလိုမျိုးအရေးတော်ပုံမှာကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကိုနစ်နာ
ကြေးတစ်ခုခုပေါ့၊

နောက်ပြီးတော့ ကျောင်းသားအခွင့်အရေးကာကွယ်ဖို့ ရှိဖို့လိုအပ်တယ်၊ ဟိုတုန်းကတော့ရှိတယ်၊ ဒီ့အတွက် သမဂ္ဂ ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးဆိုတဲ့ အခွင့်အရေးပဲတောင်းခဲ့တာပါ။

ကျနော့် စိတ်ထဲမှာလည်း နင့်နင့်သည်သည်းသည်းနဲ့ပေါ့ဗျာ၊တကယ်ကို ကျောင်းသားတွေကို ပစ်တယ် ဆို
တဲ့ စိတ်နဲ့ တောက်လျှောက် ပါသွားခဲ့တာ။ နောက် ဒေါက်တာမောင်မောင် တက်လာပြီးထင်တယ်၊ ၂၄ သြ
ဂုတ် နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်ထင်တယ်။၃၆ နာရီ အစာအငတ်ခံဆန္ဒပြပွဲမှာလည်းကျနော်ပါတယ်၊နောက်
 ၄၈ နာရီ လှည်းတန်းမှာ တန်းစီတယ်၊ ၄၈ နာရီပြီးတာနဲ့ ၇၂ နာရီက မြို့တော်ခန်းမမှာရှိတယ်၊ အဲဒီအချိန်ထိ ကျနော်က တောက်လျှောက်ပါနေတယ်။

နောက် စမ်းချောင်းရှေ့မှာ သပိတ်မှောက်ဖို့ရှိတယ်ဆိုတော့ ကျနော် မထနိုင်တော့ဘူး။ စိတ်ကတော့ သွား
ချင်တယ်၊ ပုံကျသွားတယ်၊ လဲသွားတယ်၊ မေမေကလည်း လာငိုနေတာရှိတယ်၊ အဲဒီတုန်းကလည်း အသက်
က ၁၄ နှစ်သား၊ ၁၅ လောက်ပဲရှိသေးတာလေ၊ အဲဒီနေ့က ကျနော်ကလည်း မလိုက်နိုင်တော့ဘူး၊ အရှေ့
ရက်တွေမှာ ပင်ပန်းနေတာဆိုတော့ သွားချင်ပေမဲ့လည်း မလိုက်နိုင်တော့ဘူး၊

အဘွားနဲ့ မေမေကလည်း နင်သွားမနေပါနဲ့၊ နင်မပါလည်း အခု ပါမှာက အများကြီးပဲဟာကို၊ နားပါဦးတဲ့၊ အဲဒီ
လို အိမ်မှာနားနေနရတဲ့အချိန်မှာတင် စက်တင်ဘာ ၁၉ ရက်နေ့ မှာ စစ်တပ်က အာဏာသိမ်းသွားတယ်အ
မရယ်...။ ကျနော်လည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်။အိပ်ရာထဲကနေ တော်တော်လည်း မထနိုင်
တော့ဘူး။


(၂)

သိလား...အဲဒီလို အာဏာသိမ်းပြီးတဲ့နောက်ပိုင်း GROUP လိုက်ပြန်ပါလာတာက ဒေါ်ခင်ကြည်ဈာပနပေါ့၊
ဒေါ်ခင်ကြည်ဈာပနက 89 မှာပေါ့၊ အဲဒီအရှေ့မှာတော့ ပါတီတွေ၊ ပါတီတွေ အဖွဲ့လေးတွေတော့ ရှိနေတယ်
ပေါ့နော်၊ အဲအချိန်မှာပဲ ကျနော်က ဗကသ အဖွဲ့မှာ ပါခဲ့တယ်၊ အဲမှာ ကျနော်တို့ကို ကဒ်ပြားထုတ်ပေးတယ်၊ ကျနော့်မှာတော့ မရှိတော့ဘူး၊ member card တွေထုတ်ပေးတယ်၊ အဲဒီမှာ ကျနော် ဗကသကနေပြီးတော့
တောက်လျှောက်လုပ်ခဲတယ်ဆိုတော့ကျနော် မှတ်မိတာက second January လားမသိဘူး။အဲဒီ ဒေါ်ခင်ကြည်
ဈာပန ပြီးတဲ့အခါမှာ ကိုဖုန်းမော် 13 March မှာပြန်ဆုံတယ်။

ပြီးတဲ့အခါ ကြားကာလမှာ ဗကသမှာ ရှိနေတဲ့ အထတန်း ကျောင်းသားတွေက  အကသရယ်၊ အခသရယ်ဆို
ပြီးတော့ ရှိတယ်ပေါ့နော်၊ ဆိုတော့ ရန်ကုန်ခရိုင်နဲ့ ရန်ကုန်တိုင်းနဲ့ နှစ်ဖွဲ့ ဖြစ်နေတယ်၊အဲအချိန်မှာပဲ ဗကသ
နဲ့ မကသ နဲ့နှစ်ဖွဲ့ဖြစ်သွားတယ်၊ကျနော်တို့ဖြစ်ချင်တာကကိုပေါ်တို့၊သူတို့တွေပြောခဲ့တာကဘာတွေပြော
ခဲ့လဲဆိုတော့ကျနော်တို့ကို state ကျောင်းသားတွေက state ကျောင်းသားပြန်သွားပြီးမှ စုစုစည်းစည်းလုပ်ပါ၊

ကျနော်က ၉ တန်းကျောင်းသားပဲဖြစ်တယ်လေ၊ ဆိုတော့ အဲမှာပြန်သွားပြီး ကျနော် အကသမှာလုပ်တယ်၊ ကျနော်က အလုံ ၄ မှာဆိုတော့ အကသမှာပဲ မြို့နယ်တာဝန်ခံပေါ့နော်၊ လုပ်ရင်းနဲ့မှ သူငယ်ချင်း ချိုကြီး ဆို
တာရှိတယ်၊ အဲမှာ ကျနော်တို့ ရင်ဆိုင်ရတာက ဘာပြဿနာနဲ့ စပြီးရင်ဆိုင်ရလဲဆိုတော့ အဲဒီမှာ ကျနော်တို့
 ကျောင်းတက်ရေး၊ မတက်ရေးစပြီး ရင်ဆိုင်ခဲ့ရတယ်။

အဲဒီအချိန်မှာ ပါတီတွေကလည်း  ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး ရင်ဆိုင်နေကြရတယ်။ အဲတော့ ကျနော်တို
့တွေက ကျောင်းမတက်ရေးသမားတွေပေါ့ရှေ့မှာတုန်းကလည်း ပြောထားတယ်နော် ကျနော်တို့ ကျောင်း
သားတွေက ဆုံးဖြတ်ခဲ့တာ ရှိတယ်ပေါ့နော်၊

အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ဘာတွေပါသလဲဆိုတော့ ဒီအေးချမ်းစွာ ပညာသင်ကြားခွင့်ဆိုတဲ့ အနေအထား
မျိုးမှာ ကျနော်တို့ ညီအကိုတွေက ထောင်ထဲမှာရောက်နေတယ်၊ ကျနော်တို့တွေက ဒီမှာရောက်နေတယ်၊အဲ
လိုဆိုရင် ကျနော်တို့တွေက ဘယ်လိုမှအေးအေးချမ်းချမ်းစာသင်နိုင်မှာမဟုတ်ဘူး၊ ဒါ့အတွက် ကျနော်တို့ညီ
အကိုတွေကို လွှတ်ပေးဖို့၊ စသဖြင့် ပြောခဲ့တာရှိတယ်၊ အဲဒီအတွက် အေးချမ်းစွာ ပညာသင်ကြားခွင့်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတော့ ရှေ့ က ဆုံးဖြတ်ချက်တွေကို လေးစားသောအားဖြင့်ကျနော်တို့က ကျောင်းမတက်
ရေးကို ဦးစားပေးခဲ့တာဖြစ်တယ်။

အဲဒီမှာ သူငယ်ချင်းတွေက ကျောင်းတက်ရေးနဲ့သွားချင်တဲ့ သူတွေရှိတယ်။ တက်ပြီးရင် ဘာလုပ်မလဲ ဆို
တော့ ပြန်သပိတ်မှောက်မယ်ပေါ့ အဲလို စိတ်ကူးကြတာ။ အဲဒီမှာ ကြားလိုင်းဘယ်လို ကျလာသလဲဆိုတော့ ကျနော်တို့က ၈၈ ပုံစံအတိုင်းလူထုအုံကြွမှုတခု ပြန်ဖန်တီးမယ်ပေါ့။ပြောက်ကျား Strike လေးတွေပေါ်နော်
၊ ဟိုနေရာတကွက် ဒီနေရာတစ်ကွက် လုပ်ကြတာ ရှိတယ်။

မှတ်မှတ်ရရ ၁၉၈၉ မတ်လက စတာ ၊ မတ်လ ၂၇ ရက်နေ့က မှတ်မှတ်ရရပဲ။အဲဒီနေ့က ပြောက်ကျားStrike
လေးတွေကို ဈေးတွေမှာ လိုက်လုပ်တယ်၊ မြို့ထဲတွေလည်းလိုက်လုပ်တယ်၊ အဖွဲ့တွေ ခွဲပြီးတော့ လိုက်လုပ်
ကြတာ။ အဲဒီလိုလုပ်ရင်း ကျနော် အဖမ်းခံရတာက ဇွန် ၂၉ မှာ အဖမ်းခံလိုက်ရတယ်။

ရှေ့ဆက်ဖော်ပြပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment