ဒီနေ့ သတင်းတွေမှာ The Voice Weekly နဲ့ Envoy ဂျာနယ်တွေအပိတ်ခံရတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ် သာမန်အားဖြင့် ဒီလိုပိတ်တာကို ဆိတ်ဖွားလဲမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဒီဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် နီးပါးလောက် ရေးခွင့်ရလာတာမကြာသေးလို့ပါဘဲ။
ဒီလိုမကြာသေးတော့ အကြောင်းအရာတစ်ခုပေါ်မှာ ရှုမြင်ပုံချင်းမတူဘူး တစ်ဘက်ကအမှန်ထင်တာကို တစ်ဘက်က အမှားထင်နေမယ် ဒီတော့ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်လို့ထင်ပါတယ် ဒီလိုအချိန်မှာ အပိတ်ခံရတယ်ဆိုတာမျိုးက တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ ပဋိက္ခအသွင်ဆောင်လာရာကနေ တိုက်ကြခိုက်ကြ ဆိုမကောင်းဘူးပေါ့ ဒီတော့ ပြေပြေလည်လည်နဲ့ ပြီးကြစေချင် အသားကျသွားစေချင်ပါတယ် ။
ဘာလို့အပိတ်ခံရတာလည်းလို့မေးကြည့်တော့ "၀န်ကြီးငါးဦး အပြောင်းအလဲ ကိစ္စသတင်း " ကြောင့်လို့သိရပါတယ် ၊ စာပေစိစစ်ရေးဘက်ကို မေးကြည့်တော့ ဒီသတင်းမထည့်ဘို့ သက်ဆိုင်ရာဂျာနယ်တိုက်အသီသီးကို ကြိုတင်အကြောင်းကြားထားပါတယ်လို့ ဆိုပါတယ် ၊ ဒီလိုအကြောင်းကြားထားပါရက်နဲ့ မျက်နှာဖုံးမှာတင်ပြီး ထုတ်ခဲ့တဲ့အတွက် အရေးယူတာပါလို့ ပြောပါတယ် ။
ဒီလိုအရေးယူခဲ့တဲ့အတွက် သက်ဆိုင်ရာဂျာနယ်တွေက တာဝန်ရှိသူတွေဟာ စာပေစီစစ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ပြည်ပအသံလွှင့်ဌာနတွေ အပါအ၀င် လူမှုကွန်ယက်တွေကနေတစ်ဆင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ် ၊ တချို့အယ်ဒီတာတွေ သတင်းထောက်တွေဆိုရင် သူတို့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ ပြောင်ပြောင်တင်းတင်းပဲ ဆဲဆို စိန်ခေါ်နေတာကိုတွေ့ရပါတယ် ၊ ဒီအထဲမှာပါတဲ့စကားရပ်တစ်ခုက " သည်းခံတာ အတိုင်းအတာတစ်ခုပဲရှိတယ်ကွ " ဆိုတဲ့စကားဖြစ်တယ်၊ ဒီစကားကို ကျုပ်ဘ၀င်မကျပါဘူး ။
အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊ တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ် ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ် ဒီလိုသည်းခံမှုမျိုးကိုယ်တော့ ဆိတ်ဖွားလဲခံလိုက်ချင်ပါတယ် ။
တစ်ခါတလေ အစိုးရဘက်က တရားစွဲတာလေးတစ်ခုနှစ်ခုတွေ့ပါတယ် တရားစွဲမယ်ဆိုတိုင်း ဒီမီဒီယာသမားတွေစုပြီး ကျီးအာသလိုဝိုင်းအာပြီး အစိုးရကို ဆော်နေကြ တိုက်ခိုက်နေကြတာတွေ့ပါတယ် ဒါဘာကိုပြနေသလည်းဆိုရင် မီဒီယာသမားတွေဟာ တရားရုံးကိုရင်မဆိုင်ချင်ဘူးဖြစ်နေပါတယ် ၊ တရားရင်ဆိုင်ရတာကိုပဲ တစ်ဘက်က ငါတို့ကို အနိုင်ယူတယ် လို့အထင်ရောက်နေပါတယ်၊ အမှန်က ဘာမှမဆိုင်ပါဘူး တရားရုံးဆိုတာနှစ်ဘက် အပြန်အလှန် သူမှန် ကိုယ်မှန် ရင်ဆိုင်ဖြေရှင်းရတဲ့ နေရာဖြစ်ပါတယ် ၊ မှန်နေတဲ့လူအဖို့ ကိုယ်မှန်ကြောင်း အများရှေ့မှာ မှတ်ကျောက်တင်နိုင်တဲ့ နေရာဖြစ်ပါတယ် ၊ ပြောရရင် တရားစွဲလေ မှန်တဲ့သူအဖို့ ကောင်းလေလေပါဘဲ ။
ခုဖြစ်တဲ့ ၀န်ကြီးအပြောင်းအလဲသတင်း ကိစ္စကို မေးလိုက်ရင် သတင်းဂျာနယ်သမားတွေက ဘာဖြေမလဲ ဒါသတင်းဖြစ်လို့ ဖြစ်တဲ့အကြောင်းရေးတာပဲလေ ၊ တကယ်လဲသတင်းက ဖြစ်နေတာပဲ ဆိုပြီး ပြောမှာပါဘဲ ဘယ်ကကြားသလဲဆိုရင် ပြောတဲ့လူကိုပဲ သတင်းသမားကျင့်ဝတ်အရမဖေါ်ချင်သလိုလို စကားမျိုးတွေ ပြောမှာပါဘဲ ဒါရိုးနေပါပြီ ဒီလိုလွယ်လွယ် စကားတွေ ပြောကြမှာပါဘဲ ...
သူတို့ဒီသတင်းထည့်လိုက်တဲ့အတွက် တစ်ဘက်မှ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်တယ် ဆိုတာတွေးမိပုံမရဘူး ၊ တကယ်တော့ ၀န်ကြီးဌာနတစ်ခုမှာ လုပ်ပိုင်ခွင့်အရှိဆုံး အဆုံးအဖြတ် ပုဂ္ဂိုလ်ဟာ ၀န်ကြီးဖြစ်တယ် ၊ ခုလို နိုင်ငံရဲ့အခြေအနေမျိုးမှာ ပြည်ပကနေ ဘက်စုံဝင်လာနေတဲ့ စီးပွားရေးရင်းနှီးမြှုတ်နှံမှုတွေ ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ စတာစတာတွေဟာ ဒီဝန်ကြီးတွေနဲ့ လုပ်နေရတာဖြစ်တယ် ၊ တချို့လုပ်လက်စတွေ ၊ တချို့ MOU တွေဘာတွေထိုးပြီး လုပ်ငန်းအကောင်အထည်ဖေါ်ဘို့ ပြင်ဆင်လက်စတွေ ၊ တစ်ချို့ မူအားဖြင့်သဘောတူထားပြီး MOU လုပ်ဘို့အဆင့်တွေ အကုန်လုံး ယောက်ယက်ခတ်ကုန်တယ် ။
ဒေါ်လာဘီလီယံနဲ့ချီပြီးအလုပ်လုပ်နေသူတွေဟာ ဒီအပြောင်းအလဲကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ကုန်တယ် ၊ အစိုးရအဖွဲ့အပေါ်ယုံကြည်မှုတွေ လျော့ပါးလာတယ် ၊ စိတ် ပျက်လွယ်တဲ့သူတွေဆို စိတ်ပျက်ကုန်တယ် ၊ လာလတံ္တသော ရင်းနှီးမြှုတ်နှံသူတွေဟာ စောင့်ကြည့်တဲ့အဆင့်ကို ပြန်ရောက်သွားတယ် ၊ ဂျာနယ် ၂ စောင်ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ တနေကုန်ဖုန်းတွေ ထိုင်ဖြေနေရတယ် ၊ ရှင်းနေရတယ် ၊ ဘယ်လောက်ပဲရှင်းရှင်း ယုံကြည်မှုတော့လျော့သွားတယ် ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဟုန်ကို ထိခိုက်စေတယ် ။
ဒီလို တစ်တိုင်းတစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာထိခိုက်ကုန်မှာစိုးလို့ တာဝန်ရှိသူတွေက တားတာကို ထည့်တယ်ကွာဆိုပြီးထည့်တယ် စည်းကမ်အရအရေးယူတော့ သည်းခံနေတာအတိုင်းအတာ တခုပဲရှိတယ် ဘာညာနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကြိမ်းလားမောင်းလားလုပ်တယ် ဒီတော့ ဒီလူတွေကို ပြောချင်တယ် မောင်ရင်တို့ သတ္တိရှိတယ် ဆိုတာ နိုင်ငံ့ဝန်ထမ်းတွေ အိပ်နေသလောက်ပဲရှိတယ် ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် စမ်းလို့ရတယ် ကျုပ်ကတော့ ပြည်သူအများစုအထိအခိုက်မခံတဲ့ဘက်ကရပ်တယ် ၀န်ထမ်းတွေဘက်ကရပ်တယ် ...ဒါပဲ
ဒေါက်တာဆိတ်ဖွား
http://doctorsatephwar.blogspot.com/
No comments:
Post a Comment