Pages

Pages - Menu

Wednesday, August 15, 2012

ပခုက္ကူမြို့နယ် ကျောက်စောင်းကျေးရွာအနီးတွင် ရေနံတွင်းဟောင်းထဲသို့ သံပိုက်ဆင်းတူးရာမှ ပေါက်ကွဲမှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊လမ်းရွာရေနံမြေ၏မြောက်ဘက် ကျောက်စောင်းကျေးရွာနှင့် ၄ဖာလုံခန့်အကွာရှိ ယခင် ဘီအို
စီခေတ်ရေနံမြေဟောင်းတွင် သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂နာရီ မိနစ်၃၀ အချိန်က ရေနံတွင်းဟောင်းထဲသို့ သံပိုက်ဆင်းတူးရာမှ
 ပေါက်ကွဲမှုဖြစ်ပွား၍တွင်းပြိုကျကာ လူသုံးဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိပါသည်။

ဖြစ်စဉ်မှာ  ဦးသိန်းဋ္ဌေး(၃၂)နှစ်၊ဦးဝင်းဘို(၃၈)နှစ်တို့နှစ်ဦးမှာ ရေနံတွင်းဟောင်းထဲသို့ ဆင်းတူးစဉ် ကိုနိုင်လင်းဦး(၂၈)နှစ်မှာတွင်း
ပေါ်မှ စောင့်ကြည့်နေခဲ့ကြောင်း၊ ခဏအကြာတွင် တွင်းပေါက်ကွဲမှုဖြစ်ပွား၍ ပြိုကျခဲ့ပြီး ဦးသိန်းဌေးနှင့် ဦးဝင်းဗိုလ်တို့မှာ  တွင်းထဲ၌ပိ၍သေဆုံးခဲ့ကြောင်းသိရပါတယ်။

တွင်းအပေါ်တွင် ကျန်ရစ်ခဲ့သော ကိုနိုင်လင်းဦးမှာလည်း  ပေါက်ကွဲသောအစအနများ ထိမှန်၍ သေဆုံးခဲ့ကြောင်း၊ထိုရေနံတွင်း
ဟောင်း အနီးဝန်းကျင်တွင် ရှိနေခဲ့သော ဦးသိန်းဇော်(၂၉)နှစ် ၊ဦးလှအေး(၄၂)နှစ်၊ကိုနေကိုဝင်း (၁၈)နှစ်နှင့် ဦးခင်မောင်ဝင်း(၄၅)
နှစ်တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ညောင်ဦးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

``ရေနံတွင်းဟောင်းဆိုတော့ ဓာတ်ငွေ့တွေ မြုံနေပြီး ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ကျင်းထဲမှာ ပိမိသေဆုံးခဲ့တဲ့ နှစ်ယောက်ကိုတော့ မဆယ်ရသေးပါဘူး။ကျင်းပေါ်ကလူရဲ့ အလောင်းကိုတော့ ရလိုက်ပါတယ်။ ဒဏ်ရာရသူ လေးဦးထဲက  နှစ်ဦးကတော့အရိုးကျိုးတာ
တွေပါ ဖြစ်ခဲ့လို့ ညောင်ဦးဆေးရုံကြီးကနေ ပခုက္ကူဆေးရုံကြီးကို ပို့ထားပါတယ်။ဒဏ်ရာရသူတွေထဲက ဦးလှအေးဆိုရင် မျက်နှာမှာ
ပါ ဒဏ်ရာတွေရခဲ့ပါတယ်´´ ဟု ညောင်ဦးမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါအမှုကို မြစ်ခြေရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်းအမှတ် ၄/၂၀၁၂၊ ၅/၂၀၁၂၊ ၆/၂၀၁၂  တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရ
ရှိပါသည်။

Eleven Media Group:
 

No comments:

Post a Comment