ဒီကနေ့နေလည် (၃)နာရီလောက်မှာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့အတူ နာမည်ကျော်အနုပညာရှင် ၂၀ ယောက်လောက်စုပေါင်းပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
ဒီနှစ် အာဇာနည်နေ့အခမ်းအနားမှာ အာဏာပိုင်တွေဘက်ကပြည်သူတွေပါဝင်ခွင့်ပေးခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်လာတဲ့ အခြေအနေတခုဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ပြောခွင့်သူတဦးဖြစ်တဲ့ မမီးမီးက RFA ကိုပြောပါတယ်။
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်
(ဗဟိုစည်းရုံးရေးကော်မတီ) က သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှုဒါန်းပွဲပြုလုပ်ခဲ့တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။
အလားတူပဲ ပျဉ်းမနား နေပြည်တော်မှာလည်း နေပြည်တော်ကောင်စီက ကြီးမှုးပြီး ပထမဆုံးအကြိမ် အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကျွေးတရားနာပွဲကိုကျင်းပခဲ့ပါတယ်။ ဒါအပြင် နေပြည်တော် မဲဆန္ဒနယ်မြေ (၄)ခုမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပထမဆုံးအကြိမ် အာဏာပိုင်တွေဘက်က ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ကြေးရုပ်မှာ အများပြည်သူတွေက ပန်းစည်းတွေနဲ့တကွ ဂါဝရပြုခဲ့ကြသလို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာလည်း လူတွေနဲ့စည်ကားပြည့်ကျပ်နေတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

No comments:
Post a Comment