Pages

Pages - Menu

Wednesday, July 18, 2012

ဦးသန့်အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်မည်

ဦးသန့်အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်မည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများထဲမှ ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံသား ဦးသန့်၏အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စီစဉ်နေကြောင်း ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်က 7Day News သို့ပြောသည်။



 "ဒယ်ဒီ့လိုလူတစ်ယောက်အတွက် မှတ်တမ်းမှတ်ရာလေးတစ်ခုအနေနဲ့ ရှိသင့်တယ်ထင်လို့ စီစဉ်နေတာပါ။ ရိုက်ကူးဖို့အတွက် ဒါရိုက်တာဝိုင်းကို ကမ်းလှမ်းထားပါတယ်။ နောက်ပြီး မှတ်တမ်းမှတ်ရာအနေနဲ့ စာအုပ်တစ်အုပ်လည်း ရေးချင်တယ်။ ဦးသန့်ဆိုတာကို နောက်မျိုးဆက်သစ်လူငယ်တွေအတွက် ဘယ်လိုလူမျိုးဆိုတာ သိစေချင်လို့ပါ" ဟု ဒေါ်အေးအေးသန့်ကပြောသည်။


 ဦးသန့်၏ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားအတွက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၊ စာကြည့်တိုက်၊ ဦးသန့်ထိတွေ့ဆက်ဆံခဲ့ရသည့် လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ သုတေသနလုပ်ငန်းများ၊ တွေ့ဆုံမေးမြန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် အချိန်တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။


 ရိုက်ကူးရန် ကမ်းလှမ်းခံရသော ဒါရိုက်တာဝိုင်းက "ဒီလိုပုဂ္ဂိုလ်တစ်ယောက်အကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံရတာ အရမ်းဝမ်းသာဂုဏ်ယူတယ်။ ဒါပေမဲ့ အရမ်းတာဝန်ကြီးပါတယ်။ အရေးကြီးဆုံးက ကျွန်တော် အင်္ဂလိပ်စာသင်ရမယ်။ ဦးသန့်ကို နိုင်ငံခြားသားတွေက ဂုဏ်ပြုပြီးခေါ်တဲ့ နာမည်တစ်ခုရှိတယ်။ Mr.Clean တဲ့။


 သူ့ရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်ကောင်းတာကို ဂုဏ်ပြုပြီးခေါ်ကြတာ" ဟု ဒါရိုက်တာဝိုင်းကပြောသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။


 ပန်းတနော်မြို့၊ အမျိုးသားအထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး သီလ၀ ကလောင်အမည်ဖြင့် သတင်းစာ၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၆၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့်သည် ၁၉၇၄ ခုနှစ်တွင် အဆုတ်ကင်ဆာဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ဂူဗိမာန်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းတွင် ထားရှိထားသည်။ 


Ref: 7day News:

No comments:

Post a Comment