Pages

Pages - Menu

Thursday, July 19, 2012

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇက်အကြောင်း



ဦရာဇာတ်သည် (၁၈၉၈-၁၉၄၇) တိုက်ပိုင်အင်စပိတ်တော် မစ္စတာ အေးရာမန်နှင့် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသော သားသမီး ၁၃-ယောက်အနက် စတုထ္ထသားဖြစ်သည်။ မိထ္ထီလာမြို့တွင် ၁၈၉၈-ခုနှစ် ဇန်ဝါရီလ ၂၀-ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။



မိထ္ထီလာမှ မန္တလေးသို့ မိသားစုအလုပ်နှင့် ပြောင်းရွှေ့ရသောအခါ မန္တလေးမြို့ ၀က်စလီယန်ကျောင်းတွင် သူငယ်တန်းမှ စတင်ကျောင်းတက်သည်။ အဋ္ဌမတန်းသို့ ရောက်လျှင် စာသင်ခန်းထဲတွင် ထူးချွန်သဖြင့်ဆရာကြီးက တက္ကသိုလ် ၀င်တန်းသို့အတန်းကျော် တင်ပေးသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆိုရာ ကောင်းစွာအောင်မြင်သည်။

ကိုရာဇာတ်ကို သူ့မိဘများက ရန်ကုန်မြို့ကောလိပ်သိပ္ပံကျောင်းသို့လွှတ်ကာ ပညာ ဆက်လက်သင်ကြားစေသည်။ ၀ိဇ္ဇာတန်းတွင်အင်္ဂလ်ပ်စာဂုဏ်ထူး ယူခဲ့သည်။ ကောလိပ် ကျောင်းပညာဆည်းပူနေစဉ် အင်္ဂလိပ်စာစီစာကုံးပြိုင်ရာ ပထမရရှိသဖြင့် ဘိုင်များ ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်။

ကိုရာဇာတ်သည် ပညာဘက်တွင်သာထူးချွန်သည်မဟုတ်သေး တင်းနစ်၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘောလုံးစသည့်အားကစားဘက်တွင်လည်း ပြောင်မြောက်လေသည်၊ ကောလိပ်ကျောင်း ဘောလုံးအသင်း လက်ရွေးစဉ်ဖြစ်လေသည်။

၁၉၂၀-ပြည့်နှစ် ကျောင်းသားသပိတ်အရေးတော်ပုံကြီးတွင် သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တဦးအဖြစ်ပါဝင်လေသည်။ သပိတ်မှောက်ကောင်စီမှ သပိတ် မှောက်ကျောင်းသားများ ပညာရေးတွင် မနစ်နာစေရန် မြန်မာတနိုင်ငံလုံးရှိမြို့ကြီးများတွင် အမျိုးသားကျောင်းများဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် ကိုရာဇာတ်သည် မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီး အင်္ဂလိပ်ဘာသာနှင့် ပါဠိဘာသာပြ အထက်တန်းပြဆရာအဖြစ် ၁၉၂၁-ခုနှစ်မှစတင်လုပ်ကိုင်ခဲ့သည်။



      &*************************************************************************&                                                     ဆရာကြီးဦးရာဇတ် နှင့် ဇနီးဒေါ်ခင်ခင် 

၁၉၂၁-ခုနှစ်တွင်ပင် အမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေ စာမေးပွဲကိုဝင်ရောက်ဖြေဆိုရာ ကောင်းစွာအောင်မြင်လေသည်။ ဗဟိုအမျိုးသားကျောင်း တွင် ၁၉၂၃-ခုနှစ်မှစတင်၍ ကျောင်းဆရာကြီးအဖြစ် ဆောင်ရွက် ခဲ့လေသည်။

ဦးရာဇာတ်သည် အင်္ဂလိပ်စာအရေးအသား အစီအကုံးကောင်း၍ အသနားခံစာ စသည်တို့ကို တပါးသူအတွက် ရေးသားပေးလေ့ရှိသောကြောင့် “စေတနာဝန်ထမ်း လျှောက်လွှာစာရေးကြီး”ဟုပင် ချစ်စနိုးခေါ်ဝေါ်ကြသည်။

ဆရာကြီးသည် အင်္ဂလိပ်စာသာမက မြန်မာစာလည်းကျွမ်းကျင်သူဖြစ်သည်။ မြန်မာနှင့် ပါဠိဘာသာရပ်များကိုကျောင်း သင်ကြားခဲ့ရခြင်းမဟုတ်ဘဲ ကျောင်းပိတ်ရက်များအတွင်း မန္တလေးမြို့၊ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက် စသည့်ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံ၌ သွားကာလေ့လာသင် ယူခဲ့ခြင်းဖြစ်သည်။

၁၉၃၇-ခုနှစ်တွင် ဒုတိယအကြိမ်ကျောင်းသားကွန်ဖရင့် မန္တလေးမြို့တွင် ကျင်းပရာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့အလာတွင် ဆရာကြီးဦးရာဇာတ် အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ ကြိုဆိုခဲ့လေသည်၊

၁၉၃၈-ခုနှစ်တွင်မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုအခါ မန္တလေးမြို့ရှိ ဥရောပတိုက်သား ပညာဝန်နှင့် အရေးပိုင်ကြီးတို့သည် ဆရာကြီး ဦးရာဇာတ်အုပ်ချုပ်ရာ အမျိုးသားကျောင်းသို့ရောက်ရှိလာကြသည်။ ထိုနောက်အရာရှိကြီးများက ကျောင်းသားများ ကျောင်းကို သပိတ်မှောက် မမှောက်မေးကြရာ ဆရာကြီးက ‘ကျုပ်ကျောင်းကို ကျုပ်ကျောင်းသားများ ဘယ်တော့မှ သပိတ်မမှောက်' ဟုဖြေဆိုလိုက်သဖြင့် ၀မ်းသာကာပြန်သွားကြသည်၊

ထို့နောက် နာရီဝက်ခန့်အကြာတွင် ခေါင်းလောင်းတီးပြီး သပိတ်မှောက်သွား ကြလေသည်။ ထိုအခါ အထက်ဖော်ပြပါအရာရှိကြီးနှစ်ဦးသည် ဆရာကြီးထံ ပြန်သွားကြပြီးလျင် ဆရာကြီးညာတယ်။ လိမ်တယ် ဟုပြောကြသည်။ ဆရာကြီးသည် သူတို့အား မည်သို့မျှမဖြေကြားဘဲ ကျောင်းသားများသမဂ္ဂဥက္ကဌကိုခေါ်လိုက်လေသည်။

သမဂ္ဂဥက္ကဌရောက်လာသောအခါ ဆရာကြီးက “မင်းတို့ ငါ့ကျောင်းကိုသပိတ်မှောက် ကြတာလား” ဟုမေးလိုက်ရာ သမဂ္ဂဥက္ကဌက “ကျွန်တော်တို့ဆရာကြီးကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ယခုသပိတ်မှောက်ခြင်းမှာ ပညာရေးစနစ်ကို မှောက်ခြင်းဖြစ်သည်”ဟု ဖြေကြားသည်။ အရာရှိနှစ်ဦးလည်း သဘောပေါက်ကာလက်လျှော့ပြန်ရလေသည်၊


    &*************************************************************************&
ဆရာကြီးဦးရာဇတ် နှင့် သားလေး မောင်တင်မြင့်

ဦးရာဇာတ်သည် ဖခင်၏ အစ္စလာမ်အယူဝါဒကို လက်ခံသော်လည်းမိခင်၏ ဗုဒ္ဓအယူဝါဒကိုလည်း မပစ်ပယ်ချေ။ များသော အားဖြင့်ဆရာကြီးသည် ဗုဒ္ဓအယူဝါဒီ ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီး ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်လည်း ဗုဒ္ဓ အယူဝါဒကို အထူးလေးစားသော မန္တလေးမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့ရှိ အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ် အဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီးဦးရာဇာတ်သည် ဂုဏ်ရည်တူသူများ၊ အထက်တန်းကျသူများနှင့် ဆက်ဆံ ရာတွင် မျက်နှာထားတည်တည်နှင့် ဆက်ဆံလေ့ရှိသော်လည်း တပည့်များနှင့် ဆက်ဆံရာတွင် အမြဲလိုလိုပင် ဆေးပေါ့လိပ်ကြီးကိုခဲကာ မဲ့ပြုံးကလေး ပြုံးလျက်ဆက်ဆံလေ့ ရှိသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများက ဆရာကြီးကို အမြဲတစေ ချစ်ကြောက်ရိုသေကြသည်။


ကျောင်းဆရာနှင့် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဦးရာဇာတ်သည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ်ဓါတ်ကိုပါသွတ်သွင်းပေးလေ့ရှိသည်။ သူကား နိုင်ငံခြားဖြစ် ဆေးလိပ်၊ စီးကရက်ကို သောက်လေ့မရှိ။ ပြည်တွင်းဖြစ် မလှမင်းဆေး ပေါ့လိပ် အတုတ်ကြီးကိုအမြဲလိုလို သောက်လေ့ ရှိခြင်းက သူ့မျိုးချစ်စိတ်ကို ထင်ရှားစေသည်။

ကျောင်းတွင်ကျောင်းသားများကို သမဂ္ဂဖွဲ့စည်းစေပြီးလျင်၊ ထိုစဉ်က ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ်စသည်တို့နှင့် အဆက်အသွယ်ပြုလုပ်ပေးခဲ့သည်။

ဆရာကြီးသည် မြန်မာအမျိုးသားတို့ကို ချစ်ခင်သူဖြစ်သည့်အတိုင်း ဗမာ-မွတ်ဆလင် ဟူသောအမည်ကို စတင်အသုံးပြုခဲ့လေသည်။


ရမည်းသင်းမြို့တွင်ပြုလုပ်သော ဗမာမွတ်ဆလင်ညီလာခံ၏ ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်ခံရလေသည်။ မန္တလေးမြို့ အပျော်တမ်း ရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင်လည်း အုပ်ချုပ်သူ ဗိုလ်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ဂျပန်ခေတ်တွင် ဆရာကြီးသည် ထောင်သွင်းအကျင်းချခြင်းခံခဲ့ရဖူးရာ သူ့အား ရွှေဘိုမှ-မန္တလေး ထောင်သို့ အပြောင်းတွင် တပည့်များက မိမိတို့အသက်ကိုစွန့်လွှတ်၍ လုယူကယ်ဆယ်ရန် ကြံစည်ခဲ့ဖူးသည်၊ သို့သော်ဆရာကြီးက ထိုအကြံကို ခွင့် မပြုခဲ့ချေ။

   &*************************************************************************&

ဆရာကြီးဦးရာဇတ် နှင့် သားလေး မောင်တင်မြင့်

ဦးရာဇာတ်သည် ၁၉၄၅-ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးခရိုင် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ)တွင် ပထမဦးစွာ ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။

၁၉၄၇-ဧပြီလတွင်တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပသောအခါ မန္တလေး မြို့မ အရှေ့ပိုင်းအမတ်အဖြစ်ရွေးကောက် ခြင်းခံရသည်။

ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရ၀န်ကြီးအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၇-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ဒီကရီကောလိပ်အဖြစ် တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာလည်း ဆရာကြီး ဦးရာဇာတ်၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။

၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ဆရာကြီးဦးရာဇာတ်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်ကြီးများနှင့် အတူလုပ်ကြံခံရလေသည်။ ထိုအခါက သူ့အားသွေးအိုင်ထဲမှပွေ့ပိုက်ထူမပေးသော အခါ “ကျွန်တော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြပါ” ဟုပြောကြားခဲ့ လေသည်။

ဦးရာဇာတ်သည် ကွယ်လွန်သည့်အချိန်တွင် ပါဠိတက္ကသိုလ်တစ်ခုဖြစ်မြောက်ရေး ကိုကြိုးပမ်းနေဆဲဖြစ်သည်။ ဆရာကြီးကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ခင်နှင့် သား ၂-ယောက်၊ သမီးတယောက်ကျန်ရစ်ခဲ့လေသည်၊


   &*************************************************************************&




ဆရာကြီးဦးရာဇတ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေစဉ် ၁၉ ဇူလိုင်၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာ နည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပါသည်။ဆရာကြီးသည် အစ္စလာမ်ဘာသာဝင် တစ် ဦးဖြစ်သော်လည်း မြန်မာမှုဓလေ့ထုံးစံ၊ မြန် မာစာပေတို့အပေါ်၌ လေးစားမြတ်နိုးသူဖြစ် ပါသည်။ မန္တလေးဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကျောင်း အုပ်ဆရာကြီးအဖြစ်အမှုထမ်းခဲ့သည့်နည်း တူအထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါသည်။ဗိုလ်ချုပ်နှင့်အတူလုပ်ကြံခံခဲ့ရစဉ်က ပညာ ရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါသည်။

ဆရာကြီးကို အာဇာနည်ခေါင်းဆောင် ကြီးတစ်ဦးအဖြစ်သိရှိကြသော်လည်း အမည် မဖေါ်လိုသူ စာရေးဆရာကြီးတစ်ဦးအဖြစ်မူ လူသိနည်းပါးလှပါသည်။

စာပေ၀ါသနာ
ဆရာကြီးဦးရာဇတ်ကို ၂၀ ဇန် န၀ါရီ ၁၈၉၈ တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အငြိမ်းစားအင်စပက်တော် မစ္စတာအေရာမန်နှင့်ဒေါ်ငြိမ်းလှတို့ဖြစ်ကြ ပါသည်။မန္တလေးဝက်စလီယောက်ျား ကလေးကျောင်းမှ ဆယ်တန်းကိုပါဠိ၊ အင်္ဂ လိပ် ဘာသာဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့ပြီး နောက်ရန်ကုန်ကောလိပ်သို့ရောက် ခဲ့သည်။ ရန်ကုန်ကောလိပ်၌အင်္ဂလိပ် စာစီစာကုံးပြိုင် ပွဲတွင်ပထမရ၍ဘိုင်မြား ရွှေတံဆိပ်ဆုရရှိခဲ့ ပါသည်။ဆရာကြီးမှာ အင်္ဂလိပ်စာအရေး အသားကောင်းလွန်းလှသဖြင့် အင်္ဂလိပ် စာတိုစာများရေးသားရန် လိုအပ်တိုင်းသူ့ ထံသို့်အပူကပ်လေ့ရှိခဲ့ကြသည်။

ဆရာကြီးသည် ကောလိပ်ကျောင်း သားဘ၀၌ပင် အိန္ဒိယနယူးတိုင်းမဂ္ဂဇင်းသို့ ရှမ်းပြည်နယ် ၃၆ ကောင်ထီအကြောင်း အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားပေးပို့ခဲ့သည်။ ဆောင်းပါးတွင် ကြေး စန္ဒီနတ်ရုပ်နှင့်တကွအတိတ်ပေးပုံ၊ ပေါက် ကောင်၊ ကိုယ်စားလှယ်ကောင်စသည်တို့အ ကြောင်းကိုစိတ်ဝင်စားဖွယ်အသေးစိတ်ဖော် ပြရေးသားထားရာမဂ္ဂဇင်းတိုက်၏ ဆုချီးမြှင့် ခြင်းကိုပင်ခံခဲ့ရပါသည်။

အမျိုးသားကျောင်းအုပ်ကြီးဘဝ
ဆရာကြီးဦးရာဇတ်သည် ၁၉၂၀ ပြည့် နှစ်တက္ကသိုလ်ကျောင်းသားသပိတ်တွင်ပါဝင် ခဲ့ပြီး ၁၉၂၁ ခုနှစ်၌ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ သည်။ ကိုယ်တိုင်လည်းထိုကျောင်း၌အထက် တန်းပြဆရာဝင်လုပ်ခဲ့၏။ ၁၉၂၂ ခုနှစ်တွင် ဘီအေဘွဲ့ရရှိသောအခါ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပြီးအမျိုးသားကျောင်း၌ ကျောင်း အုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၉၄၁ ခုနှစ်အထိဖြစ်ပါသည်။

ဆရာကြီးသည်အမျိုးသားကျောင်းအုပ်အ ဖြစ်အမှုထမ်းစဉ်အတွင်းကျောင်းပိတ်ရက်များ ၌မန္တလေးနန်းရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်တိုက်၊ အတုမရှိတိုက်စသည့် ဘုန်း တော်ကြီးကျောင်းတိုက်များသို့ သွားရောက် ကာတိုက်အုပ်၊ တိုက်ကြပ်ဆရာတော်တို့ထံ ပါဠိစာပေများဆည်းပူးလေ့လာလေ့ရှိခဲ့၏။ မောရစ်ကောလစ်၏ စာအုပ်
မောရစ်ကောလစ် (Maurice Collis) ရေး သားသည့် Trails in Burma(Myanmar) စာအုပ်ကို ဦးစွာဘာသာပြန်ဆိုခဲ့သူမှာ ဆရာ ကြီးဦးရာဇတ်ဖြစ်သည်။ဆရာကြီးက အခန်း တစ်ခန်းဘာသာပြန်ဆိုပြီးသောအခါမှသာ တပည့်ရင်းဖြစ်သူမအမာ(နောင်စာရေးဆရာမ ကြီးလူထုဒေါ်အမာ) အားတစ်အုပ်လုံးဆက် လက်ဘာသာပြန်ဆိုစေခဲ့ခြင်း ဖြစ်ပါသည်။

ဆရာကြီးသည် တစ်နေ့ညနေတွင် စာအုပ်တစ်အုပ်ကိုဘယ်လက် ညှိုးခံပိတ်၍ ကိုင်ထားပြီး ညာလက်ကြား၌ ဆေးပေါ့လိပ် ကြားညှပ်ကာတပည့်မအမာ၏ အိမ်သို့ ရောက်လာ ခဲ့သည်။ ဆရာကြီးကစာအုပ်ကို ပေးလျက် မန္တလေးသူရိယသတင်းစာတွင် အမည်မခံ ဘဲ အခန်းတစ်ခန်းဘာသာပြန်ပြီး ဖြစ်ကြောင်း၊ အကယ်၍ မအမာနှစ်သက် လျှင်နာမည်ခံပြီး ဆက်လက်ဘာသာပြန် ရေးစေလိုကြောင်း ပြောကြားခဲ့သည်။ သို့ ဖြင့် မအမာ(နောင်စာရေးဆရာမကြီးလူထု ဒေါ်အမာ)ကဆက်လက်ဘာသာ ပြန်ကာ စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါသည်။
     &*************************************************************************&
အပျော်တမ်းရဲတပ်မှုး ဦးရာဇက်


ရွှေနန်းတွင်းအရေးတော်ပုံ
ရွှေနန်းတွင်းအရေးတော်ပုံအမည်ရှိ စာအုပ်ကို မန္တလေးသူရိယသတင်းစာတိုက် က ]] ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ်လက်ထက် တော်တွင်းအဖြစ်အပျက်စာတမ်း}} အမည် ဖြင့် ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစဉ်ကစာရေးသူ၏ အမည်ကို လုံးဝဖော်ပြ ခဲ့ခြင်းမရှိပေ။ ယင်းစာအုပ်ကိုပင် ၁၉၅၉ ခု နှစ် မန္တလေးနှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ်ထပ်မံထုတ်ဝေပါသည်။ယခုအခါ တတိယအကြိမ်ပုံနှိပ်ထုတ်ဝေပြီးဖြစ် သည်။

မင်္ဂလာရတုပိုဒ်စုံ
ဆရာကြီးဦးရာဇတ်သည် မင်္ဂလာရ တုပိုဒ်စုံတစ်ပုဒ်ကိုလည်းရေးဖွဲ့ခဲ့ဖူးပါသည်။ ယင်းရတုလင်္ကာမှာအောက်ပါအတိုင်းဖြစ်သည်။

ငယ်ပေါင်းချစ်ဆွေ၊ မန်းရိပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဖြင့်၊ ယခုရေးစီ၊ စာပလီကို၊ နာရီ ဖင့်လျား၊ ခွင့်မအားလည်း၊ ရင်ခြားတွေ့မူ၊ စာပေးသူ အား၊ ရေးယူကြောင်းတိတ်၊ ချစ် ကြည်စိတ်ဖြင့်၊ တဆိတ်လောက်ပင်၊ ရှုစေ ချင်သည်၊ ထိုစဉ်ငယ်သော်၊ သက်ဆယ် ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေ သကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အ တူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ထင်မိပါ၏၊ ခုမှာတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင် လတ်၏၊ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ် သည်၊ ပျက်ပြယ်ထင်ရပြန်တော့သည်။

သွယ်ပြောင်းလှစ်ချွေ၊ မှာလိုက်ပေ၏၊ ဂုဏ်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စေတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါ လျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်ရှား၊ ကြံ စဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေး က၊ စာပေးလေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ ၀ဲသြဃစုတ်၊ နစ်ခါမြုပ်၍၊ ငုတ်လေသလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ်တွင်၊ယခင် မိတ်ဦး၊ သူတထူး၏၊ အိမ်မှူးထံမှောက်၊ ဖို့ရောက်အလာ၊ လတ်၏ စာကို၊ သေချာ သိမှ၊ သတိရ၍၊ ဖြစ်ရလေကွယ်၊ ငြိုးစိတ် ငယ်သည်၊ ရှက်ဖွယ်မြင်ရပြန်တော့သည်။

ဘယ်ကြောင်းဖြစ်ထွေ၊ မြင်ရ ချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်ကြောင်း မို့မို့၊ မှိုင်းရည်မို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေး ပိုက်ဖျား၊ပျိုနုထွားနှင့်၊စုလျားပတ်ရစ်၊ လွန် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ ကြောင့်၊မေ့လေသလား၊စဉ်းစားတတ်ပေါင်၊ သို့ မောင်မောင်သည်၊ ယခေါင်ပြဇတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့ နှင့်၊မေ့အမျိုးမျိုး၊မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ထုတ်ဖော်ရှုဖွယ်၊ စီကုံးချယ် သည်၊ ဆက်သွယ်ခင်ရပြန်တော့သည်။

အင်္ဂလိပ်ဆောင်းပါး
ဆရာကြီးဦးရာဇတ်သည် မြန်မာဘာ သာ ပျို့၊ ကဗျာ၊ လင်္ကာစာပေများသာမက အင်္ဂလိပ်ဘာသာတွင်လည်း ကျွမ်းကျင်လှ သဖြင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ်ရဲတပ်ဖွဲ့) တွင် ၀င်ရောက်အမှုထမ်းရန် ဖိတ် ခေါ်ခဲ့သည်။ အင်စပက်တော်ရာထူးတိုက်ရိုက်ခန့်အပ်မည် ဆိုခြင်းကိုပင် ငြင်းပယ်ခဲ့ပါသည်။ ဆရာကြီး ဦးရာဇတ်သည် ၁၉၄၆ခုနှစ်တွင် (နေပြည် တော်)ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စလင်အမျိုး သားများကွန်ဂရက်အပြီးတွင်The Cry ဂျာ နယ်၌ The Burman (Myanmar)Muslim Organization ( on account of the Formation of all Burma(Myanmar) , Burmese (Myanmar ) Muslim Congress at Pyinmana) By A. Gßazak,B.A) ဟူ၍ အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားခဲ့သည်။

ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)
၂။ စာရေးဆရာအမည်မခံသောစာဆိုရှင် ဦးရာဇတ် (ကျော်ဝင်းမောင်)ရတနာသစ်၊ အမှတ် (၂၂) ၁၉၉၆
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁


...................................................................






သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း ........

. "တိုင်းပြည်မှာ လူတိုင်းလိုလို စာတတ်ရမယ်။ အင်္ဂလိပ်စာကို ပိုပြီးမှ ကျွမ်းကျွမ်းကျင်ကျင်တတ်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ရမယ်။ အင်္ဂလိပ်ကို ပြန်တော်လှန်မယ်ဆိုရင် သူတို့ဆီက ပညာရပ်တွေကို သူ့ဘာသာနဲ့သင်ယူပြီးမှ သူ့ကို ပြန်တော်လှန်ရမယ်"ဆိုတဲ့ သဘောမျိုးခံယူထားတာရှိတယ်။

. ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် 'မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီးလက်မခံကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလအဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ 'ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်"ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)

. မန္တလေးဟာ မြန်မာ့သမိုင်းမှာ နောက်ဆုံးမင်းနေပြည်တော် မြို့တည်နန်းတည်မြို့တော်ကြီးဖြစ်တယ်။ ဗုဒ္ဓဘာသာအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာထွန်းကားရာမြို့ ကြီးလဲဖြစ်တယ်။ ဒီလိုမြို့ ကြီးအတွက် ခရိုင်ဖဆပလဥက္ကရွေးပွဲမှ မင်းမျိုးမင်းနွယ်ဆက်လဲရှိ၊ သမာဓိရှိပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားများ၊ သခင်များရှိတဲ့အနက် အများအမြင်မှာ ကုလားကြီးဖြစ်နေတဲ့ ဆရာကြီးဦးရာဇတ် ကိုသာ မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအဖြစ် ရွေးခဲ့ပါတယ်။ ဒါလဲ လွယ်လွယ်နဲ့ ရွေးချယ်ခံရတာ မဟုတ်ပါဘူး။ မန္တလေးနယ်လုံးဆိုင်ရာ သမာဓိဂုဏ်၊ သမစိတ္တရှိသူ၊ လေးပြင်လေးရပ်က ဆရာတော်သံဃာတော်တွေရဲ့ မဲနဲ့ အရွေးခံရတာပါ။ ဆရာတော် သံဃာတော်များ ဆိုရာမှာလဲ နှယ်နှယ်ရရ မဟုတ် လျှမ်းလျှမ်းတောက် ရဟန်းပျိုအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။

. သူ့အပြုံး
မရိမသဲ့၊ နွဲ့ နွဲ့လျလျ၊ ပြပြကတေ့၊ စေ့တစေ့လျှင်၊ ထေ့ထေ့ကလေး၊ စန်းယုန်ကွေးနှယ်
ညာဘေးထက်ဖျား၊ နှုတ်ခမ်းပါးတွင်၊ ခန့်ညားတည်ကြည်၊ ညွှန်းရည်မေတ္တာ၊ ကရုဏာနှင့်၊
သစ္စာနိမိတ်၊ ပုံရိပ်ထင်ဟပ်၊ ရာဇတ်မည်တွင်၊ ဆရာရှင်၏၊ ကြည်လင်ရွှန်းတင့်
ပြုံးပန်းပွင့်လွှာ၊ ရတနာသည်၊ ပသာဒဂုဏ်၊ မြောက်သည်တကား။ (မောင်သန်းတင်)


ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့လာရောက်သော ဆရာကြီးဦးရာဇတ်၏သားများ



. ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။
ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။
ဆရာကြီးမစ္စတာရာဇတ်နဲ့ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။
ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။
ဆရာကြီးအပြုအမူအနေထိုင်ဟာ အတုယူစရာအလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ်ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။
ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)

. ကျောင်းမတက်မီ မနက်တိုင်းပဲ ခြင်္သေ့ခန်းမဆောင်ရှေ့မှာ ဆရာကြီးက အခုလိုသြ၀ါဒပေးလေ့ရှိတယ်။ “ဤဘူမိနက်သန် မှန်သော ကျောင်း၏ အောင်မြေကိုခြေချတဲ့ ဆရာကြီး၏ ကျောင်းသူကျောင်းသားမှန်လျှင် ဘယ်တော့မှ နောက်လိုက်မဖြစ်စေနဲ့၊ အမြဲတမ်း ရှေ့ကနေပြီး ခေါင်းဆောင်ရမယ်။”
ဘွဲ့ရလာတဲ့ ပညာတတ်ကြီးတွေက သူတို့နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးတို့ အဲဒီတက္ကသိုလ်ရဲ့ နာမည်တပ်ရေးလေ့ရှိတယ်။ ဆရာကြီး ဦးရာဇတ်ကတော့ ရန်ကုန်အမျိုးသားကောလိပ်က (B.A. Hons:) ဘွဲ့ရခဲ့တာဆိုတော့ ဆရာကြီးက သူ့နာမည်ရေးတယ်၊ ဆိုင်းထိုးတယ်ဆိုရင် (A. Razak, B.A. Nat) ဆိုပြီးရေးတယ်။ နောက်က Nat u National ဆိုတဲ့သဘော မြန်မာပြည် အမျိုးသားကောလိပ်ဆိုတဲ့သဘောကို ဖော်ညွှန်းပြီး အမြဲတမ်းပဲရေးတယ်။ (အမ်အေ-ဒေါ်အုန်း)

. ကျွန်တော်တို့ဆရာကြီးက သူ့ကျောင်းသားတွေ အားကစားမှာ မျက်နှာမငယ်ရအောင် နေရာကျဉ်းကျဉ်းနဲ့ ထိရောက်ထက်မြက်ပြီး တိုင်းပြည်အတွက် အသုံးတည့်မည့် အားကစားကို တည်ထောင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ ယောက်ျားပီသပြီး ကိုယ်ခံပညာ ကောင်းကောင်းနဲ့ သူများကို အနိုင်မကျင့်တဲ့ တိုင်းပြည်ကိုလည်း ကာကွယ်နိုင်မယ့် အားကစားဖြစ်တဲ့ လက်ဝှေ့ကို သင်ပေးတာပါ။ မန္တလေးမြို့မှာ လက်ဝှေ့ပညာကို ယောက်ျားလေးစာသင်ကျောင်းတွေပေမယ့် ဘယ်ကျောင်းမှာမှ မသင်ကြရပါဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ အကောင်းဆုံးနည်းပြဆရာကို ဆရာကြီးကငှားရမ်းပြီး လက်အိတ်ဖိုးဘယ်လောက်ကုန်ကုန် ဆရာကြီးက အကုန်အကျခံပြီး အကျအနသင်ပေးခဲ့ပါတယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံက လက်ဝှေ့လောကဟာ မန္တလေးမှာရှိတဲ့ ဗဟို အမျိုးသားကျောင်းက ပေါက်ဖွားတဲ့ လက်ဝှေ့သမားများရဲ့ လောကပါပဲ။ (ခင်မောင်ပု-အမျိုးသားကျောင်းသားဟောင်း)


 

ရာဇက်ခန်းမဆောင် (မန္တလေးတက္ကသိုလ် စာကြည့်တိုက်) 
.
 အခက်အခဲမျိုးစုံကြား ဇွဲ့နဲ့ကြိုးစားမှု၊ မန္တလေးမြို့သူ/သားများရဲ့ ဆရာကြီးအပေါ်ယုံကြည်အားထားကူညီထောက်ပံ့မှုများကြောင့် မန္တလေးနေရှင်နယ်ကျောင်းဟာ ဆက်လက်ရှင်သန်တိုးတက်လာခဲ့တာပါ။ ဆရာကြီးဦးရာဇတ်ရဲ့ နိုင်ငံရေးမျိုးစေ့ချရာကျောင်းကြီးမို့ ခေတ်အဆက်ဆက်တိုင်းမှာ နိုင်ငံခေါင်းဆောင်နေရှင်နယ်ကျောင်းသားတွေ ပေါ်ထွက်ခဲ့ရာ အောင်မြေဖြစ်သလို၊ ၁၉၃၇-ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂညီလာခံကြီးကိုလည်း လေးထပ်ကျောင်းကြီးပေါ်မှာပဲ တခမ်းတနား ကျင်းပခဲ့ပါတယ်။ (မောင်ခြိမ့်)

. ဆရာကြီးသည် အထူးအမြော်အမြင်ကြီးသော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ မြန်မာလူငယ်များ ကမ္ဘာနှင့်ယှဉ်ရဲရန် ကမ္ဘာ့စာ အင်္ဂလိပ် စာကို မတတ် တတ်အောင် နည်းမျိုးစုံနှင့် သင်ပေးနေခြင်းဖြစ်ပါသည်။ (သိပ္ပံမှူးတင်)

. ဆရာကြီးက မနက်စောစော ကျောင်းသို့လာလေ့ရှိတယ်။ သူ့ကျောင်းကို သူစိတ်ဝင်စားလို့ပေါ့ ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ ရောက်လာတဲ့ ဆရာကြီးမျိုးမဟုတ်ဘူး။ (ဆရာဝန် တင်မောင်ကြည်)

. ဆရာကြီးဦးရာဇတ်မှာ ကျွန်တော် အလွန်ကြည်ညိုလေးစားသော ဆရာကြီးတစ်ဦးဖြစ်ပါသည်။ ဆရာကြီးဦးရာဇတ်သည် ကျောင်းသားများကို ကျောသား/ရင်သားမခွဲခြားပါ။ ဆရာကြီးသည် တပည့်များကို ဘယ်သောအခါမှ မေ့လျော့ မျက်ကွယ်ပြု တတ်သူတစ်ဦးမဟုတ်ပါ။ (ခင်မောင်-ကောလင်း)

. ဗမာမွတ်စလင်တစ်ယောက် ဘုန်းကြီးတွေကို စည်းရုံးနိုင်တာ ဆရာကြီးဦးရာဇတ် တစ်ယောက်ပဲရှိတယ်။ ဒါဟာ တော်တော်တန်တန် အရည်အချင်းမဟုတ်ဘူး။ ဘုန်းကြီးတွေနဲ့ ၀င်ဆံ့တာ သူတစ်ယောက်ပဲရှိတယ်။ (ဗမကဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ၀န်ကြီးဟောင်း လည်းဖြစ်တဲ့ - ဦးခင်မောင်လတ်)

. မန္တလေးက ဘုန်းကြီးတွေ လွှမ်းမိုးတဲ့မြို့ပါ။ အဲဒီမြို့မှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ၀င်ဆံ့နေတဲ့အချက်ကိုကြည့်ရင် သူ့မှာ (ဆရာကြီးဦးရာဇတ်) ထူးခြားချက်တွေရှိလို့ပဲ။ (ဒေါက်တာခင်မောင်ညွန့်-သမိုင်းဋ္ဌာန) (ဦးကျော်ဝင်းမောင်အားပြောပြချက်)

. မန္တလေးမှာတော့ နေရှင်နယ်ကျောင်းကြီးဟာ ဆရာကြီးဦးရာဇတ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အကြီးအကျယ် ရှင်သန်ခဲ့ပါတယ်။ လွတ်လပ်ရေးသမိုင်းတစ်လျှောက်မှာတော့ မန္တလေးနေရှင်နယ်ကျောင်းကြီးနှင့် နေရှင်နယ်ကျောင်းသားဟောင်းတွေရဲ့ကဏ္ဍဟာ တခမ်းတနားဖြစ်ခဲ့ပါတယ်။ အဲဒါတွေကြောင့်ပဲ ဆရာကြီးဦးရာဇတ်ရဲ့ကျေးဇူးကို ကျွန်တော်တို့ သတိရခြင်းဖြစ်ခဲ့ရပါတယ်။ 


(သခင်အောင်ကြီး-ပေါင်းတည်)



    &*************************************************************************&




ဆရာကြီး ဦးရာဇတ်အကြောင်းကို လေ့လာတဲ့အခါ အခွင့်အရေးကို မမျှော်လင့်ဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာက တာဝန်ယူတတ်တဲ့ ဆရာကြီးရဲ့ စိတ်ဓာတ်ကို တွေ့နိုင်သလို ကိုယ်ကျိုးစွန့်လွှတ်နိုင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုပဲ ကျောင်းသားလူငယ်တွေကို ပညာရေးနဲ့ နိုင်ငံရေးအသိ တပြိုင်တည်း ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဆရာကြီး ဦးရာဇတ်က သူ့ရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုသာ ပြောဆိုစေပြီး အင်္ဂလိပ်လိုမပြောရင် ကြိမ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကိုလိုနီအစိုးရကို တော်လှန်ဖို့ သူတို့ဘာသာစကား ကျွမ်းကျင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

သူ့ကျောင်းမှာ ကျောင်းသားတွေ အတွက် သော့ကြီးတစ်ချောင်း ထားရှိပြီး အင်္ဂလိပ် မီးနင်းကို ပြန်မဖြေနိုင်တဲ့ ကျောင်းသားဆီ အဲဒီသော့ ရောက်သွားအောင်စီစဉ်ထားပါတယ်။ ဒီအခါ သော့ကြီး ရလိုက်တဲ့ ကျောင်းသားက တခြားကျောင်းသားကို အင်္ဂလိပ်မီးနင်း ပြန်မေးနိုင်ဖို့ ကြိုးစားရပါတယ်။ ဘယ်သူ့ကိုမှ မလွှဲနိုင်လို့ လက်ထဲမှာ သော့ကြီး ရှိနေရင်တော့ ညနေ ၄ နာရီ ကျောင်းဆင်းတဲ့အခါ အဲဒီကျောင်းသားက ဆရာကြီးရုံးခန်းကို သွားအပ်ရပါလိမ့်မယ်။ ဒါဆိုရင် အဲဒီကျောင်းသားကတော့ ဆရာကြီးရဲ့ကြိမ်လုံးနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဆရာကြီးက သော့ပေးစနစ်လို့ အမည်ပေးထားကြောင်း ညိုမြင့်(ဇေယျဝတီ)ရဲ့ ဝတ္ထုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နာရီတွေ ရပ်နေရင် သော့ပေးမှ ဆက်ပြီး လည်ပတ်သလို လေ့လာဆည်းပူးမှု မရှိတဲ့လူဟာလည်း ရပ်နေတဲ့နာရီလို အသုံးမကျပါဘူး။ ဒါကြောင့် ဆက်လက်လှုပ်ရှား တိုးတက်နေအောင် သော့ပေးရမယ်၊ သော့ပေးမခံရအောင် ကိုယ့်ကိုကိုယ် အစဉ်ကြိုးစားနေကြပါလို့ ဆရာကြီးက အမြဲ သြဝါဒ ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိနဲ့ပတ်သက်လို့ ရေးသားထားတဲ့ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ့ ‘မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်’ စာအုပ်မှာတော့ သော့ခလောက်စနစ် (Lock System) လို့ ဖော်ပြထားပြီး အင်္ဂလိပ်လို မပြောတဲ့ကျောင်းသားဆီ လက်သီးဆုပ်လောက်ရှိတဲ့ သော့ခလောက်ကြီး ရောက်ရှိသွားတယ်လို့ ဖော်ပြထားပါတယ်။


&*************************************************************************&

ဆရာကြီးက သူ့ကျောင်းမှာ ကျောင်းသားတွေကို သမဂ္ဂဖွဲ့စည်းစေပြီး ကိုနု၊ ကိုအောင်ဆန်း စတဲ့ တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီလိုပဲ ကျောင်းသားတွေကို နဂါးနီတိုက်က ထုတ်တဲ့ စာအုပ်တွေ ဖတ်ခိုင်းပြီး နဂါးနီစာအုပ်အသင်း ဝင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

၁၉၃၈ ခုနှစ် မြန်မာတနိုင်ငံလုံး ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့အခါ မန္တလေးမြို့က မျက်နှာဖြူ ပညာဝန်နဲ့ အရေးပိုင်တို့က ဆရာကြီးအုပ်ချုပ်တဲ့ အမျိုးသားကျောင်းကို ရောက်လာပြီး အဲဒီကျောင်းသားတွေ သပိတ်မှောက် မမှောက် မေးကြပါတယ်။ ဒီအခါ ဆရာကြီးက “ကျုပ်ကျောင်းကို ကျောင်းသားတွေက ဘယ်တော့မှ သပိတ်မမှောက်” လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအရေးပိုင်တို့ ပြန်သွားပြီး နာရီဝက်လောက် ကြာတဲ့အခါ ဆရာကြီးရဲ့ ကျောင်း ခေါင်းလောင်းတီးပြီး သပိတ်မှောက်လိုက်ပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ပညာဝန်နဲ့ အရေးပိုင်က ဆရာကြီးကို ထပ်တွေ့ပြီး သူတို့ကို ညာတယ်လို့ ပြောသတဲ့။ ဒီတော့ ဆရာကြီးက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို ခေါ်ပြီး ကျောင်းသားတွေရဲ့ သဘောထားကို ပြောစေပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌက “ကျနော်တို့ ဆရာကြီး ကျောင်းကို သပိတ်မမှောက်ပါဘူး။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်တာပါ”လို့ ဖြေတော့မှ မျက်နှာဖြူအရာရှိတွေ သဘောပေါက်ပြီး ပြန်ထွက်သွားပါတယ်။ ဆရာကြီးက ကျောင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ကို အဲဒီလို ပေးခဲ့တာပါ။
   &*************************************************************************&

ဆရာကြီးဦးရာဇတ်ဟာ အရာရှိတွေ၊ ဂုဏ်ရည်တူ လူကြီးတွေနဲ့ဆက်ဆံတဲ့အခါ မျက်နှာထား ခပ်တည်တည်နဲ့ ဆက်ဆံလေ့ရှိပေမယ့် ကျောင်းသားတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ အပြုံးနဲ့ဆက်ဆံတယ်လို့ သိရပါတယ်။ ဆရာကြီးရဲ့ စိတ်စေတနာ ဖြူစင်ကောင်းမွန်တဲ့အတွက် တပည့်များက ချစ်ခင်ကြပြီး ဆရာကြီး ကျဆုံးရတဲ့အခါ အားလုံး ယူကျုံးမရ ဖြစ်ကြရပါတယ်။ ဂျပန်ခေတ် ဆရာကြီးကို ဖမ်းပြီးထောင်ချတော့ ဆရာကြီးကို ရွှေဘိုထောင်ကနေ မန္တလေးထောင်ကို အပြောင်းမှာ တပည့်တွေက သူတို့အသက်ကို စွန့်ပြီး ကယ်ဖို့ကြိုးစားခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့် အဲဒီအစီအစဉ်ကို ဆရာကြီးက လက်မခံခဲ့ပါဘူး။

ဆရာကြီး ဦးရာဇတ် ရဲ့ လုပ်ဆောင်မှုတွေထဲမှာ စာပေရေးသားခြင်းလည်း ပါဝင်ပါတယ်။ ဆရာကြီးက ပါဠိ၊ မြန်မာ နဲ့ အင်္ဂလိပ် ကျွမ်းကျင်သူဖြစ်ပြီး မြန်မာ အင်္ဂလိပ် ၂ ဘာသာနဲ့ စာပေရေးသားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးက အမည်မခံဘဲ ရေးသားခဲ့တဲ့အတွက် ဆရာကြီးစာရေးတယ်ဆိုတာ လူသိနည်းခြင်းဖြစ်ပါတယ်။ ထင်ရှားတဲ့စာအုပ်ကတော့ ‘ရွှေနန်းတွင်း အရေးတော်ပုံ’ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဆရာကြီး သက်ရှိထင်ရှားရှိစဉ် ၁၉၃၆ ခုနှစ်မှာ ‘ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက်စာတမ်း’ ဆိုတဲ့အမည်နဲ့ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး အဲဒီတုန်းက စာရေးသူ အမည်ကို မဖော်ပြခဲ့ပါဘူး။ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ၁၉၅၉ ခုနှစ်ကျမှ သူရိယဦးသန်းမောင်က အမှာစာရေးပြီး ဆရာကြီးအမည်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးရဲ့ မင်္ဂလာရတု အရေးအဖွဲ့ဟာလည်း ရှေးခေတ်စာဆိုတို့ရဲ့ အရေးအဖွဲ့နဲ့မခြား ကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ဆရာကြီးကတော့ တိုင်းပြည်အတွက် လိုအပ်တယ်လို့ ယူဆမိတာတွေကို တာဝန်အရ ရေးသားခဲ့ပုံရပါတယ်။ ဒါကြောင့် စာပေအများအပြားကို အမည်မခံဘဲ ရေးသားခဲ့တာဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက်မှာ လုပ်ကြံမှုဖြစ်ပြီးတာနဲ့ ရောက်သွားသူတွေကို ဆရာကြီးဦးရာဇတ် ပြောခဲ့တဲ့ နောက်ဆုံးစကားဟာ ဆရာကြီးရဲ့ စိတ်ဓာတ်ကို ပိုပြီးလေးစားစေပါတယ်။ အဲဒီတုန်းက ဆရာကြီးကို သွေးအိုင်ထဲက ပွေ့ပိုက်ပြီး ထူမ ပေးတဲ့အခါ ဆရာကြီးက “ကျနော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကို ဂရုစိုက်ကြပါ” လို့ ပြောကြားခဲ့တဲ့အကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဆရာကြီးရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။

ဆရာကြီးနဲ့ သက်တော်စောင့် ကိုထွေးရဲ့ ဈာပနအခမ်းအနားကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန် တာမွေသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိစစ်အစိုးရရဲ့ သင်္ချိုင်းစီမံကိန်းတွေမှာ ဖျက်သိမ်းပစ်ခဲ့တဲ့အတွက် ဆရာကြီးရဲ့ဂူဗိမာန် ဘယ်မှာရှိမယ်ဆိုတာ သူ့ရဲ့ မိသားစုဆွေမျိုးများသာ သိရှိတော့မယ့် အနေအထားဖြစ်သွားပါပြီ။ ဒီလိုဆိုတော့ အာဇာနည် ၉ ဦးရဲ့ ဂူဗိမာန်တွေကို မြောက်ကိုရီးယားနဲ့ လက်ရှိ အာဏာပိုင်တွေက ဖျက်ဆီးပစ်တယ်လို့ ပြောရမယ့် အနေအထားပါပဲ။





သနပ်ဖက်ဆေးလိပ်ကို ပါးစောင်တွင် ခဲလျက်၊ လက်တစ်ဖက်တွင်လက်ညှိုးပိတ်ထားသော ဖတ်ရှုနေဆဲ အင်္ဂလိပ်ဘာသာစာအုပ်နှင့် တပည့်တပန်း မိတ်ဆွေသင်္ဂဟများနှင့် တွေ့သောအခါ ပြုံးပြလေ့ရှိသည်။ ပြုံးတစ်ဝက် မဲ့တစ်ဝက် အဓိပ္ပာယ်ပါသော မဲ့ပြုံးကလေးသည် မသမာသူတို့လက်ချက်ဖြင့် ယမ်းငွေ့ဖုံးခဲ့ရပါ၏။ သို့သော် ပြည်သူတို့ကို ထာဝစဥ်ညှို့ငင် ဖမ်းစားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ။



&*************************************************************************&


၁။ ဆောင်းပါးရှင်တင်နိုင်တိုး(weekly Eleven),
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)

၂။ စာရေးဆရာအမည်မခံသောစာဆိုရှင် ဦးရာဇတ် (ကျော်ဝင်းမောင်)ရတနာသစ်၊ အမှတ် (၂၂) ၁၉၉၆

၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁

၎။ဧရာဝတီ အင်တာနက်မဂ္ဂဇင်း

၅။ စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး။

၆။ ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။

၇။မြန်မာဝီကီ

No comments:

Post a Comment