''ကျွန်တော်တို့ကို ဘာမှမလုပ်ပါဘူးနော် ...''
''ကျွန်မတို့ကိုတော့ ဘာမှလုပ်ဖို့ မရှိပါဘူးနော်''ဟူသည့် ပူပင်သောက မျက်နှာများဖြင့် အလောတကြီး မေးမြန်းမှုက ကျွန်တော့်အတွက် အံ့သြစရာဖြစ်ခဲ့သည်။
အပြုံးပန်းများ ဖူးပွင့်ဝေဆာလျက်ရှိသော စိတ်လက်ပေါ့ပါးပြီး နှစ်လိုဖွယ်ကောင်းသော ဒေသတစ်ခုဟု အထင်တွေက ကာယကံရှင်များ၏ အပြောစကားများကြားရင်း လွင့်ပါးသွားခဲ့ရသည်။ ဤအရပ်ဒေသတွင် လွတ်လပ်သည့် ပြုံးရွှင်မှုများကို ကလေးငယ်များတွင်သာ တွေ့ကြရ ပေလိမ့်မည်။
တွေ့ခဲ့ရသမျှ လူတော်တော်များများ၏ မျက်နှာပေါ်တွင် ဒွိဟစိတ်များ၊ တစ်စုံတစ်ခုကို ကြောက်ရွံ့နေမှုများဖြင့် လွှမ်းမိုးနေသည်ကို တွေ့ရပေမည်။ မျက်နှာစိမ်းများ၊ ဧည့်သည်များကိုမြင်လျှင် စိတ်အားထက်သန်စွာ နှုတ်ဆက်စကား ပြောလိုခြင်းမရှိ။ မိမိတို့ကို တစ်စုံတစ်ခု အတွက် လာရောက်မေးမြန်းခြင်းလော၊ နေရပ်သို့ပြန်ပို့ကြမည့် လူများလော စသဖြင့် စိုးရွံ့စိတ်များဖြင့်သာ ကျီးလန့်စာစား မျက်လုံးများနှင့် ပြန်လည်ကြည့်တတ်ကြသည်။
တကယ်တော့ ဤအရပ်ဒေသဆိုသည်က ဘန်ကောက်မြို့၏ အနောက်တောင်ဘက်၊ မြန်မာနိုင်ငံနှင့် သောင်ရင်းမြစ်သာခြားသော မဟာချိုင်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သားများ ရုန်းကန်နေရသည့် ဘ၀ဇာတ်ခုံတစ်ခုဟုဆိုလျှင် မှားမည်မထင်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီးတွင်မှ "little myanmar"ဟူသည့် အသုံးအနှုန်းဖြင့် မြန်မာရပ်ကွက်လေးအဖြစ် လူသိများလာခဲ့သည်။ ထိုဒေသမှ ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ထိုင်းလူမျိုးအများစုပိုင်သည့် ရေထွက်လုပ်ငန်းတွင် အဓိက လုပ်ကိုင်ကြသည်။
တစ်နေ့လုပ်ခလစာ အနိမ့်ဆုံးဘတ် ၂၀၀ ၀န်းကျင်က သူတို့အတွက် ကျေနပ်စရာဖြစ်နေသည်။ မြန်မာအစိုးရနှင့် ထိုင်း အလုပ်သမား ၀န်ကြီးဌာနတို့၏ နားလည်မှု စာချွန်လွှာတစ်ရပ်အရ ယင်းတို့အတွက် တရားဝင်နေထိုင်ခွင့်ကိုပေးသော မှတ်ပုံတင်ကတ်များ၊ ပတ်စ်ပို့စသည်များကို ကိုင်ဆောင်ခွင့်ရရှိရန် အခွင့်အလမ်းများ ပေါ်လာစေသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ခရီးစဉ်အတွင်း ရွှေ့ပြောင်း အလုပ်သမားများအရေးကို ဆောင်ရွက်ခဲ့ပြီး တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။ ပညာအရည်အချင်းနှင့် ဗဟုသုတအားနည်းသော မြန်မာအသိုက်အမြုံအတွင်း လူမှုဘ၀ဖူလုံစေရေး တရားနည်းလမ်းတကျ နေ ထိုင်နိုင်ရေး စသည့်အချက်များအား ကောင်းစေရန် ရည်သန်လုပ်ဆောင်မှု ပြုလုပ်ခဲ့သည်ဆိုလျှင်လည်း မမှားပေ။
မည်သို့ပင်ဆိုစေ လူသားချင်းစာနာမှုနှင့် ကောင်းမွန်သော တရားစီရင်ရေးအတွက် မဟာချိုင်သည် စမ်းသပ်ခံနေရာတစ်ခုအဖြစ် ရှိနေဆဲဆိုသည် ကိုတော့ ကိုယ်တွေ့ကြုံရသည့် ကာယကံရှင်များ၏ ပြောစကားများက ငြင်းပယ်၍မရနိုင်အောင် ခိုင်လုံနေသည်။
ရွှေ့ပြောင်းအလုပ်သမားအချို့မှာ တရားမ၀င် နေထိုင်နေကြရဆဲ။ အချို့နေရာများတွင် ယင်းကဲ့သို့ နေထိုင်မှုမျိုးမှာ ကာလကြာမြင့်စွာကတည်းက အမြစ်တွယ်နေလေပြီ။ စားသောက်ဆိုင်၊ စာအုပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ အ၀တ်အထည်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်ကဲ့သို့သော လုပ်ငန်းငယ် လေးများကို လုပ်ကိုင်နေသော်လည်း အကြောက်တရားများကိုဖြင့် မပယ်ထုတ်နိုင်ကြသေး။
ထိုင်းရဲဌာနကို လက်သိပ်ထိုး ငွေပေးမှုတွေ၊ အဖမ်းအဆီး အချုပ်အနှောင်မခံရရေးအတွက် ချွေးနဲစာများကို စတေးနေရခြင်းများကိုလည်း မကျော်လွှားနိုင်ကြသေး။ လုပ်ငန်းလိုင်စင်ကဲ့သို့ အ ထောက်အထား အခိုင်အလုံမရှိလျှင် လစဉ်ကြေးဘတ် ၈၀၀ လောက် လိုင်းကြေးပေး။ တရားမ၀င်နေထိုင်သူများအဖို့ ရဲများ၏ အလွယ်တကူ အပြစ်ရှာဖမ်းဆီးခြင်းများနှင့် ခြင်းထဲကကြက်များဖြစ်ကြရသည်ကလည်း မနည်းမနောပြဿနာများပင်။ လာဘ်ထိုးရသည့် ငွေကြေးကလည်း သူတို့ပါးစပ်ထဲမှကြေး။ ဘတ် ၅၀၀ လား။ ဘတ် ၂၅၀၀ လောက်အထိ များလား။ ငိုပြရင် ငိုပြသလောက် သက်သာခွင့်တော့ ရှိနိုင်သည်။ မတတ်သာလို့ ငိုကြရမည်။ ရဲများအတွက်သူတို့၏ ချွေးနဲစာကလောင်းကစားအတွက်လည်း ဖြစ်မည်၊ မူးယစ်သေစာနှင့် ကာမအတွက်လည်း ဖြစ်မည်။
ဒီကြားထဲ ထိုင်း လူဆိုး လူမိုက်များ ရန်ကလည်း ရှိနေသေးသည်။ ရွှေ့ပြောင်းလုပ်သားများ၏ ပျော့ကွက်၊ ဟာကွက်ကို အသုံးချ အမြတ်ထုတ်သူများတွင် သူတို့လည်း ပါနေသည်။ ပစ္စည်းလု၊ မုဒိမ်းကျင့်၊ လူသတ်မှုများက မဟာချိုင်တွင် လုံးဝပပျောက်သွားခြင်း မရှိသေး။ ယနေ့အချိန်ထိလည်း မရိုးနိုင်အောင် ကြားနေရသည်။ ရဲကိုမျက်နှာချင်း မဆိုင်နိုင်သော အားနည်းချက်များနှင့် ရွှေ့ပြောင်းလုပ်သားများကို သူတို့က ဗိုလ်ကျချင်တိုင်းကျနေခြင်းဖြစ်သည် ဟုယူဆစရာပင်။
''ဟုတ်ပါတယ်။ ထိုင်းလူမျိုး လူမိုက်တွေ၊ ဆိုးသွမ်းလူငယ်တွေက ထိုင်းလူမျိုးတွေထက် ရွှေ့ပြောင်းလုပ်သားတွေကို ပိုပြီးလုယက်ကြတယ်။ မြန်မာတွေက ပြဿနာ မဖြစ်ချင်ကြဘူး။ ရဲမှုမဖြစ်ချင်ကြဘူး။ တရားမ၀င် နေရတာရယ်၊ တစ်ခုခုငြိမှာစိုးတော့ ဖမ်းခံရမှာ ကြောက်ကြတယ်။
အဲဒါက သူတို့တွေကို အခွင့်အရေး ပိုရစေတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း စက်ရုံအလုပ်သမားဘ၀တုန်းက အလုခံရဖူးတယ်။ ကျွန်တော်အပါအ၀င် မြန်မာအလုပ်သမားတွေက စက်ဘီးစီးပြီး ပြန်ကြတယ်။ အဲဒီမှာ မော်တော်ဆိုင်ကယ်နဲ့ လမ်းကိုပိတ်ပြီး လူသုံးယောက်က သေနတ်တွေထုတ်၊ ထိုင်းလိုပြောပြီး ပိုက်ဆံတောင်းတာပေါ့၊ ကျွန်တော်လည်း ပထမတော့ ကြောင်သွားတယ်။
ဘာလုပ်ရမှန်းမသိဘူး။ နောက်မှ ဓားပြတိုက်မှန်းသိတာ''ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပိုင်းဖောင်ဒေးရှင်းမှ ကိုကျော်ဇောလင်းက ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ရွှေ့ပြောင်းအလုပ်သမား လေးယောက်ကို ရဲလား၊ ရဲအယောင် ဆောင်ထားတာလားမသိတဲ့ လူတစ်စုက ၀ိုင်းဝန်း မုဒိမ်းကျင့်စော်ကားမှုတစ်ခု ဖြစ်ခဲ့သည်။ နှစ်ယောက်က ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ကျန်နှစ်ယောက်မှာမူ ကာမမုဆိုးတို့၏ သားကောင်များ ဖြစ်ခဲ့ရှာသည်။
''မြန်မာအလုပ်သမားတွေ မဟာချိုင်မှာ မုဒိမ်းကျင့်မှုတွေနဲ့ ခဏခဏ ရင်ဆိုင်နေရတယ်၊ အိမ်ထောင်သည်တွေလည်း စော်ကားခံရတာတွေ ရှိတယ်။ ကျွန်မတို့ကတော့ အိမ်သားတွေ အလုပ်သွားရင်ပဲဖြစ်ဖြစ် အိမ်မှာ တစ်ယောက်တည်း နေခဲ့ဖို့ မရဲဘူး။ သူတို့တွေက ချောင်းနေတာ၊ အိမ်မှာ တစ်ယောက်တည်းရှိတယ်ဆိုရင် သိတယ်။ လုပ်ဖို့ ပိုကြိုးစားကြတယ်။''ဟု ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မမိုးမိကလည်း မရဲတရဲ ဖွင့်ဟခဲ့သည်။
''မတရားမှုတွေကတော့ ဒီနားမှာဖြစ်နေတာပဲ။ ဓါးပြတိုက်တယ်၊ မုဒိမ်းကျင့်တယ်၊ လူသတ်တယ်၊ ဒါတွေက ရှိနေတာပါပဲ'' ဟု အမည်မဖော်လိုသူ ရွှေ့ပြောင်းလုပ်သားတစ်ဦးကလည်း ဆိုသည်။
''ကျွန်တော့်မှာ ၅ နှစ်အရွယ် သားလေး ရှိပါတယ်။ အခုတော့ ပညာသင်ဖို့ မြန်မာပြည်ကို ပြန်ပို့ထားတယ်။ သားပညာရေးအတွက် ဒီမှာအလုပ်လုပ်ပြီး ထောက်ပံ့မယ်။ သူ့ဘ၀ကို ကောင်းစားစေချင်တယ်၊ ပညာတတ် ဖြစ်စေချင်တယ်။
တစ်နေ့ကျရင်တော့ ကျွန်တော့်တိုင်းပြည်ကို ပြန်မယ်ဗျာ၊ ငြိမ်းငြိမ်းချမ်းချမ်း နေမယ်ဗျာ''ဟု မဟာချိုင်ရှိ ပုစွန်ဒိုင်တွင်လုပ်ကိုင်နေသော ကိုခင်မောင်ကလည်း မာန်အပြည့်ဖြင့် ပြောပြလေသည်။
မြင်ခဲ့ရသည့် မြင်ကွင်းများကြားခဲ့ရသည့် ပြောစကားများ တကယ်လက်တွေ့အခြေနေများကို ပြန်စဉ်းစားရင်း အခုတလော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပြောပြောနေကြသည့် လူ့အခွင့်အရေးဆိုသည်များနှင့် လူသားချင်း စာနာထောက်ထားခြင်းဆိုသည်မှာ အဘယ်နည်းဟု မေးခွန်း ထုတ်ချင်လာမိသည် . . . |
ကိုခင်မောင်ကတော့ သူ့သားပညာရေးအတွက် အိမ်ပြန်ပို့ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း အချို့ရွှေ့ပြောင်းလုပ်သားများမှာမူ သားသမီးများပညာရေးအတွက်ပါ စိုးရိမ်ပူပန်ကြရပြန်သည်။ မြန်မာပြည်လည်း ပြန်ပို့၍မရ။
ထိုင်းနိုင်ငံတွင် ကျောင်းထားရန်လည်း ငွေကြေးမတတ်နိုင်။များသောအားဖြင့် အထက်တန်းအဆင့် ကျောင်းများကလည်း လက်မခံကြ။ ထို့အတွက်ကြောင့် သားသမီးများကို မူလတန်းအဆင့်ထိ ပညာသင်ကြားနိုင်ရန် အန်ဂျီအိုများမှ ဖွင့်လှစ်ထားသော ကျောင်းလေးများကိုသာ အားကိုးကြရသည်။
မိမိတို့ အလုပ်လုပ်ချိန်တွင် ရင်သွေးများကို ကျောင်းပို့ကာ မြင့်မားသော ပညာအဆင့်ဆိုသည်ထက် မိမိရင်သွေး မပျက်စီးလျှင်ပင် အမြတ်တစ်ခုအဖြစ် မှတ်ယူနေရသည်ဟု ၀မ်းနည်းစွာပြောကြသည်။ ထို့အပြင် အထက်တန်းအဆင့်ပညာရေးကို သင်ကြားခွင့်ရရှိရန် ခက်ခဲသည်။
အောင်လက်မှတ်၊ ဒီပလိုမာကဲ့သို့ အသိအမှတ်ပြုမှုများကိုလည်း ခံစားခွင့်ရရှိရန်ဆိုသည်များက ပိုမိုခဲယဉ်းလှပေသည်။ ကောလိပ်ကျောင်းနှင့် တက္ကသိုလ်များတက်ရောက်နိုင်ခွင့် ဆိုသည်ကတော့ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးများအတွက် အိပ်မက်အဆင့်တွင်သာ ရှိနေသည်။
မြင်ခဲ့ရသည့် မြင်ကွင်းများကြားခဲ့ရသည့် ပြောစကားများ တကယ်လက်တွေ့ အခြေနေများကို ပြန်စဉ်းစားရင်း အခုတလော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပြောပြောနေကြသည့် လူ့အခွင့်အရေး ဆိုသည်များနှင့် လူသားချင်း စာနာထောက်ထားခြင်းဆိုသည်မှာ အဘယ်နည်းဟု မေးခွန်းထုတ်ချင်လာမိသည်။
မျှော်လင့်ချက်များဆိုသည်ကို မရဲတရဲတွေးရင်း အကြောက်တရားများကိုသာ အဖော်ပြုနေရသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အနာဂတ်များကို မည်သူ အာမခံပေးမည်နည်း။
စမုစခွန်ခရိုင် မဟာချိုင်ကအပြန် ချက်ခြင်း အဖြေမထုတ်နိုင်သော မေးခွန်းများစွာ၊ အတွေးများစွာဖြင့် ဤဒေသလေးကို ဒုက္ခများတပွေ့တစ်ပိုက်နှင့် မြို့ကလေးဟု ရေရွတ်မိရင်း ...
စမုစခွန်ခရိုင် မဟာချိုင်ကအပြန် ချက်ခြင်း အဖြေမထုတ်နိုင်သော မေးခွန်းများစွာ၊ အတွေးများစွာဖြင့် ဤဒေသလေးကို ဒုက္ခများတပွေ့တစ်ပိုက်နှင့် မြို့ကလေးဟု ရေရွတ်မိရင်း ...
Eleven Media:
No comments:
Post a Comment