ကြိုးစားနေသူ စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်ပိုင်းအတွင်း ထွက်ရှိလာသည့် ဗီဒီယိုဇာတ်ကားများနှင့် သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပရိသတ် လက်ခံအားပေးလာခဲ့သူ ဖြစ်သည်။
လက်ရှိရုံတင် ပြသလျက်ရှိသော ရက်ပ်ပါရွှေရိုး ဇာတ်ကားတွင် ပရိသတ်လက်ခံ အားပေးနေရုံသာမက ‘ဆယ့်နှစ်ကြိုးကဝေ’ဇာတ်ကားတွင်လည်း ရုံပြည့်ရုံလျှံ အားပေးမှုများ ရရှိနေသူဖြစ်သည်။
မေး ။ အခုပရိသတ် စိတ်ဝင်စားအားပေးမှု များနေတဲ့ ဆယ့်နှစ်ကြိုးကဝေ ဇာတ်ကားရိုက်ဖြစ်ပုံကနေပဲ စပြီးပြောပြပေးပါလား။
ဖြေ ။ ကျွန်တော်အဲဒီဝတ္ထုကို ညဘက်ကြီးမှာဖ တ်မိတယ်။ ဖတ်နေရင်းနဲ့ကိုပဲ ကျွန်တော် အရမ်းရိုက်ချင်လို့ သူငယ်ချင်းကိုတောင် ဖုန်းဆက်ပြောမိတဲ့ အထိပါပဲ။ ရိုက်ကူးခဲ့စဉ် တစ်လျှောက်လုံးမှာလည်း အဆင်ပြေပါတယ်။ အဲဒီကားရိုက်နေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ personal ကိစ္စတွေကြောင့် တော်တော်လေး စိတ်သောက ရောက်နေရတဲ့ အချိန်ပါ။ အခုအဲဒီကားပြန်ကြည့်မိတဲ့ အချိန်တိုင်းမှာ အဲဒီတုန်းကအချိန်လေးကို လွမ်းနေမိပါတယ်။
မေး ။ ပန်းပင်တစ်ပင်ကို ပျိုးရတဲ့အချိန်မှာရတဲ့ ပီတိနဲ့ပန်းပွင့်လေးတွေ့ရတဲ့ အချိန်မှာရတဲ့ ပီတိနှစ်ခု ကွဲပြားသလိုပဲ အခုချိန်မှာ စိုင်းစိုင်းရိုက်ချင်ခဲ့တဲ့ဇာတ်ကားကို ပရိသတ်အားပေးတဲ့ အပေါ်ပြန်ရတဲ့ ပီတိကရော ဘာကွာခြားလဲ။
ဖြေ ။ ကျွန်တော်က ကျွန်တော်လုပ်ချင်တဲ့ အနုပညာကို ကျွန်တော်တတ်သလောက် မှတ်သလောက် ရူးရူးမိုက်မိုက်လုပ်တာပါ။ ကျွန်တော်တစ်ယောက်တည်း လုပ်နေတယ်ဆိုရင်တော့ အချိန်ခဏလေးအတွင်း မှာ လဲသွားမှာပေါ့ဗျာ။ ကျွန်တော်ဒီလောက် အချိန်အကြာကြီး ဂီတမှာရော၊ ရုပ်ရှင်မှာပါလုပ်နိုင်တယ် ဆိုတာ ပရိသတ် အားပေးလို့ပါ။ ကျွန်တော်က ပရိသတ်အားကိုးနဲ့ မိုက်နေတဲ့ကောင်ပါ။
မေး ။ ဒီကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် အမှတ်တရ အစီအစဉ်လုပ်မယ့် အကြောင်းပြောပြပါဦး။
ဖြေ ။ ဆယ့်နှစ်ကြိုးကဝေပြမယ့် ရုပ်ရှင်ရုံတိုင်းမှာ suggestion box လေးချထားမယ်။ အဲဒီမှာ ကျွန်တော့်ကို ဝေဖန်အကြံပြုပေးကြပါ။ အကောင်းဆုံး ဝေဖန်ပေးနိုင်တဲ့သူ တချို့ကိုရွေးမယ်၊ အားလုံးကို ရောသမမွှေ ပြီးတော့ မဲနှိုက်မယ်။ အဲဒီထဲက ၁၅ ယောက် ကို ဖိတ်ပြီးတော့ ဒီကားအကြောင်း၊ အနုပညာ အကြောင်း ဆွေးနွေးလို့ရမယ့် ညစာစားပွဲလေး လုပ်ပါမယ်။
မေး- မင်္ဂလာပါဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းနဲ့ အခုဆယ့်နှစ်ကြိုးကဝေ ရုံတင်ချိန် စိုင်းစိုင်းက ဘာတွေကွာခြားသွားပြီလို့ သုံးသပ်မိလဲ။
ဖြေ ။ မင်္ဂလာပါဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တုန်းက ကျွန်တော်က လူငယ်လေးတစ်ယောက်ဗျ။ အခုချိန်မှာ တော့တော်တော်လေး အိုစာသွားတယ်လို့ ခံစားရတယ်။ အမူအရာလုပ်တဲ့ အပိုင်းမှာတော့ အခုချိန်မှာ ပိုပြီးနားလည် လာပါတယ်။ နှစ်ကားလုံးကတော့ ဆရာဦးမီးပွားက ကျွန်တော့်ကို အကောင်းဆုံး မောင်းထားတာပါ။
မေး ။ အဆိုတော်နဲ့ သရုပ်ဆောင်ပုံစံမကွဲဘူးလို့ မြင်ကြရာကနေ သရုပ်ဆောင်နဲ့ အဆိုတော်ခွဲခြား လုပ်နိုင်ပြီလို့ အသိအမှတ်ပြုလာကြတဲ့ အပေါ်မှာ ရော ဘာပြောချင်သေးလဲ။
ဖြေ ။ ကျွန်တော်ကလည်း အဲဒီလိုပဲ ဖြစ်ချင်ခဲ့တာပါ။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့အချိန်မှာတော့ အဆိုတော် စိုင်းစိုင်းပေါ့။ ဇာတ်ကားတွေမှာကျတော့လည်း ရုပ်ရှင်ထဲကကောင်ပေါ့။ အဲဒီလိုဖြစ်အောင်လည်း ကျွန်တော်ကြိုး စားမှာပါ။
မေး ။ သတ်မှတ်တဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့က ခက်ခဲသလို နေရာတစ်ခုကို ရောက်လာပြီဆို ရင်လည်း အဲဒီနေရာကိုထိန်းသိမ်းဖို့ ဆိုတာခက်ခဲတတ်တယ်လေ။ စိုင်းစိုင်းအနေနဲ့ရော ဘယ်လို လက်ခံထားလဲ။
ဖြေ ။ ကျွန်တော့်အနေနဲ့ကတော့ရှိပြီး သားအရာတွေကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ဆိုတာထက် အသစ်တွေဖန်တီးဖို့၊ အနာဂတ်ကို ကြိုးစားဖို့ပဲ ကျွန်တော်လုပ်ချင်ပါတယ်။
မေး ။ ပရိသတ်ကို ပြောချင်တဲ့ စကားမျိုးရောရှိ လား။
ဖြေ ။ ကျွန်တော် တတ်စွမ်းသလောက် အကောင်းဆုံးပဲလုပ်မှာပါ။ ကျွန်တော့် ပရိသတ်တွေကလည်း ကျွန်တော့်ကို နားလည်ပြီးသားပါ။ ကျွန်တော် လိုအပ်နေတာတွေ၊ ညံ့နေတာတွေ အများ ကြီးရှိနေတာကိုလည်း ပရိသတ်တွေက သိပြီးသားပါ။ ကျွန်တော်ကြိုးစားနေ တယ်ဆိုတာကိုလည်း သူတို့သိပြီးသား ပါ။ ပရိသတ်အားကိုးနဲ့ ကျွန်တော် က မိုက်နေတာပါ။
လင်းလင်းခိုင်(Eleven Media)
|
No comments:
Post a Comment