Pages

Pages - Menu

Friday, June 22, 2012

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာဖြစ်လာသည့် IBM ကွန်ပျူတာ

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာဖြစ်လာသည့် IBM ကွန်ပျူတာ

 

ကမ္ဘာပေါ်တွင် မြန်နှုန်း အမြင့်မားဆုံး စူပါကွန်ပျူတာများ အပြိုင်အဆိုင် တည်ဆောက်နေမှုတွင် အမေရိကန်က တစ်ကျော့ပြန် ဦးဆောင်လာပြီ ဖြစ်သည်။ IBM ကုမ္ပဏီ၏ ကွန်ပျူတာဖြစ်သော Sequoiaသည် ဂျပန်မှ K Machineကို ပြန်လည်ကျော်ဖြတ် အနိုင်ယူခဲ့ကြောင်း သတင်းများက ဆိုသည်။ 

Sequoiaသည် K Machineထက် မြန်နှုန်း (၁.၅၅)ဆ ပိုပြီး စွမ်းအင်သုံးစွဲမှု (၁၅)ရာခိုင်နှုန်း ပိုမို နည်းပါးကြောင်း သိရသည်။ ယခုကွန်ပျူတာကို နျူကလီးယား သိပ္ပံ ဘာသာရပ်တွေ လေ့လာရေးအတွက် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

ယခုကွန်ပျူတာ၏ စွမ်းဆောင်ရည်သည် ကမ္ဘာပေါ်တွင် ရှိသမျှ လူသားအားလုံး မရပ်မနားဘဲ နှစ်ပေါင်း (၃၂၀)ကြာ လုပ်ရမည့် အလုပ်ကို တစ်နာရီနှင့် အပြီး ဖြေရှင်းနိုင်မည်ဟု သတင်းများက ဖော်ပြသွားသည်။



Fujitsu ကုမ္ပဏီက ထုတ်လုပ်သော K Machineသည် ယခုအခါ ဒုတိယ နေရာသို့ ပြန်ဆင်းပေးလိုက်ရသည်။ Sequoiaသည် လတ်တလောတွင် ကယ်လီဖိုးနီယားရှိ အမေရိကန် စွမ်းအင် ၀န်ကြီးဌာနပိုင် လောရင့်စ် လစ်ဗာမောရ် အမျိုးသား သုတေသန ဌာနတွင် တပ်ဆင်ထားသည်။ 

Sequoiaသည် (၁၉၉၉)ခုနှဏ်က တည်ဆောက်ခဲ့သည့် CM-5/1024 အမျိုးအစား စူပါ ကွန်ပျူတာထက် မြန်နှုန်း (၂၇၃၉၃၀)ဆ ပိုမိုမြင့်မားကြောင်း IBMက ဆိုသည်။ Sequoiaသည် Processorပေါင်း (၁.၅)သန်း အသုံးပြု လည်ပတ်နေသည်။ ယနေ့ခေတ် အကောင်းဆုံး အိမ်သုံး ကွန်ပျူတာ တစ်လုံးတွင် Quad-Core အမျိုးအစား Processorများကို သုံးစွဲနေရာ Processor (၄)လုံးသာ ပါရှိသည်။

အမျိုးသား နျူကလီးယား လုံခြုံရေး စီမံရေးရာ ဌာနမှ သောမတ်စ် ဒီအဂေါ့စတီနိုက "Sequoiaက အမြန်ဆုံး ကွန်ပျူတာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီကွန်ပျူတာက နိုင်ငံရဲ့ နျူကလီးယား လေ့လာမှုစွမ်းရည် ကဏ္ဍအတွက် ယုံကြည်မှု တိုးစေမှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စုရဲ့ ကွန်ပျူတာ စွမ်းရည်ပိုင်းမှာ ဦးဆောင်ဦးရွက် အနေအထားကို ခိုင်မာစေပါလိမ့်မယ်"ဟု ဆိုသည်။

 K Machine ကွန်ပျူတာသည် လျှပ်စစ်သုံးစွဲမှု (၁၂.၆) မဂ္ဂါဝပ် ကုန်ကျပြီး IBM၏ ကွန်ပျူတာကမူ (၇.၉) မဂ္ဂါဝပ်သာ ကုန်ကျကြောင်းလည်း သိရသည်။ ကမ္ဘာပေါ်တွင် တရုတ်နှင့် ဂျပန်နိုင်ငံများတွင် စူပါကွန်ပျူတာ နှစ်လုံးစီ၊ ဂျာမနီ၊ ပြင်သစ်နှင့် အီတလီတို့တွင် တစ်လုံးစီ ရှိသည်။ IBMသည် ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၁၀)လုံးတွင် (၅)လုံးကို တာဝန်ယူ တည်ဆောက်ထားကြောင်းလည်း သိရှိရသည်။ 

Source 
News
DailyMail,Planet Myanmar 

No comments:

Post a Comment